နေပြည်တော်၊ နိုဝင်ဘာ ၃

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂ ရက် ည ၉ နာရီတွင် ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ မနော်ဟရီ (၃) လမ်းနေ ဆန်းဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၇၀၀ ၊ အိုက်စ် သုည ဒသမ ၄၅ ကီလို တို့ကိုလည်းကောင်း၊ ထို့အတူ ထိုနေ့ နံနက် ၇ နာရီခွဲတွင် ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည်သွား ကားလမ်း၊ ကျောက်ကူပြင် ကျေးရွာအုပ်စု၊ ကျောက်ကူ ပြင်ကျေးရွာအနီးတွင် မင်းစိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၀ ဒသမ ၅ ကီလို ကိုလည်းကောင်း။

 

ထို့နောက် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းရှိ ဟိုတယ်အနီး၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ဖေမြတ်ဝင်း (ခ) ဦးဖေ မောင်းနှင်ပြီး ဇေယျအောင် လိုက်ပါလာသည့် Toyota Belta အမျိုးအစား မော်တော်ယာဉ်သည် ဟိုတယ်ရှေ့သို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ဇေယျအောင်သည် ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ အဆိုပါယာဉ်ပေါ်မှ ဆင်းလာပြီး ဟိုတယ်အနီးတွင် စောင့်ဆိုင်းနေသည့် တင်ကိုကို၊ အောင်မျိုးဦးတို့ထံ ၎င်းအိတ်အားပေးအပ်၍ ဟိုတယ်ဝင်းအတွင်းသို့ ဝင်ရောက်လာသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့က သာကေတမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြင်တော်သာလမ်းနေ ဖေမြတ်ဝင်း (ခ) ဦးဖေ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀  စုစုပေါင်းငွေကျပ်သိန်း ၁,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

 

ရဲပြန်ကြား