ကော့သောင်း ၁၈ ဒီဇင်ဘာ
မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့ နှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံး (BCATIP) အစည်းအဝေးတစ်ရပ်အား ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ Victoria Cliff Hotel တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ကော့သောင်း-ရနောင်း (BCATIP) ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ကျော်ဆွေဝင်းနှင့် ထိုင်းနိုင်ငံ လူပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားလုံခြုံရေးဆိုင်ရာဌာန၊ ရနောင်းခရိုင် ဌာနမှူး၊ ရနောင်း-ကော့သောင်း (BCATIP) ဥက္ကဋ္ဌ မစ္စ နန်စီရီနား စီရီဗန်ချွန် Ms.Sirinart Siribunjong တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်ကြသည့် ကော့သောင်း-ရနောင်း နှစ်နိုင်ငံ နယ်စပ်လူကုန်ကူးမှုများ ပူးပေါင်းတိုက်ဖျက်ရေး၊ ဌာနဆိုင်ရာကိုယ်စားလှယ်၊ NGO အဖွဲ့အစည်းများက နှစ်နိုင်ငံနယ်စပ်အတွင်း လူကုန်ကူးမှုပြဿနာများ၊ ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စများအား အပြန်အလှန် တင်ပြညှိနှိုင်း ဆွေးနွေးချက်များဖြစ်သည့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ဖြစ်ပွားလေ့ရှိသည့် လူမှောင်ခို လူကုန်ကူးမှုပြဿနာများ၊ စွန့်ပစ်ခံရသည့် ကလေးငယ်များအား သက်ဆိုင်ရာအုပ်ထိန်းသူများ ရှာဖွေဆက်သွယ် ဆောင်ရွက်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ဆောင်ရွက်ပေးနိုင်ရေးကိစ္စများ ရေလုပ်သားနှင့် ရေလုပ်ငန်းနှင့် ဆက်နွယ်သည့် စက်ရုံလုပ်သားများအား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စများ၊ တစ်ဖက်နိုင်ငံအတွင်း တရားဝင်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှင့် အလုပ်ရှင်ပြဿနာများ၊ ငါးဖမ်းလှေလုပ်သားပြဿနာများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းကိစ္စ များ မဖြစ်ပေါ်ရေး ပူးပေါင်းညှိနိုင်း ဆွေးနွေးကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံတာဝန်ရှိအဖွဲ့အစည်းများမှ ကော့သောင်းမြို့၊ မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း မိဘမဲ့ကလေးများဂေဟာသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)