နေပြည်တော် နိုဝင်ဘာ ၁ဝ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် ည ၁ဝ နာရီ ၄၅ မိနစ်တွင် ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ နွယ်သာကီ လမ်းသွယ် (၂) တွင် မမီမီချို (ခ) မီးကင်းငယ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၁ဝ နာရီ ၅၅ မိနစ်တွင် ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ နွယ်သာကီလမ်းသွယ် (၂) ရှိ ရခိုင် (ခ) မောင်မောင်လှ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိုက်စ် သုည ဒသမ ၀၀၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆,၉၁၅ ပြားကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် ရာဇဓိရာဇ် (၂၇) လမ်းထောင့်တွင် ကျော်ခင်လှ (ခ) ဖိုးကျော်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် တောင်ဉက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေ ၁ နာရီခွဲတွင် မိုင်းခတ်မြို့နယ်၊ မိုင်းကာကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာနေ မရီလှ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ၂ နာရီခွဲတွင် မိုင်းခတ်မြို့နယ်၊ မိုင်းကာကျေးရွာအုပ်စု၊ ပန်နော်လောင်းကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ အားတို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်