ကော့သောင်းခရိုင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပင်လယ်ကျွန်းခရီးစဉ်များရပ်နားထားပြီး ခရိုင်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းများအားလုံး ပိတ်သိမ်းထား

ကော့သောင်း  ၁  ဧပြီ 

ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပြန့်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်ကူးစက် ပြန့်ပွားမှုမရှိစေရေး အမျိုးသားရေးအသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်း အဓိကဆောင်ရွက်လျက်ရှိသည့် ခရိုင်တစ်ခုဖြစ်သည့် ကော့သောင်းခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ပင်လယ်ကျွန်းခရီးစဉ်များ ရပ်နားထားပြီး ခရိုင်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းများအားလုံး ပိတ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကော့သောင်းခရိုင်အတွင်းရှိ ပင်လယ်ကျွန်းများသို့ ပြည်တွင်းခရီးသွားများအပြင် ထိုင်းနိုင်ငံမှတစ်ဆင့် လာရောက်လည်ပတ်လေ့ရှိသည့် ပြည်ပခရီးသွားဧည့်သည်များ၏ ခရီးစဉ်များအားလုံး ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားပြီး ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်းများပေါ်ရှိ ဟိုတယ်ကြီးများဖြစ်သည့် ကြယ်ငါးပွင့်အဆင့် သူဌေးကျွန်းGrand Amdaman Hotel ၊ ရတနာကျွန်း ဗစ်တိုးရီးယားအင်တာတိန်းမင်း ရီဆော   ဟိုတယ် ၊ ညောင်ဦးဖီးကျွန်း(Victoria Cliff Hotel & Resort ) ၊ဝအလယ်ကျွန်း Hotel & Resort ၊ ၁၁၅ကျွန်း Hotel & Resort ၊ကျွန်းဖီလာကျွန်း Hotel & Resort တို့အပြင် ကော့သောင်းမြို့ပေါ်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများအားလုံး ပိတ်သိမ်းထားကြောင်းခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 

ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအဖြစ် ကျွန်းများပေါ်ရှိဟိုတယ်အပန်းဖြေစခန်းများ  မှ မလိုအပ်သည့် ဝန်ထမ်းများအား မိမိတို့နေအိမ်များတွင်နေထိုင်ကြရန် နိုးဆော်အသိပေးထားပြီး ကော့သောင်းမြို့တွင်း ကော့သောင်း ခရိုင် COVID-19ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှု ကော်မတီ၏ ကြီးကြပ် မှုဖြင့် ပိတ်သိမ်းထားပြီးဖြစ်သည့် မြန်မာထိုင်းနယ်စပ်ဖြတ်သန်းသွားလာမှုမရှိစေရေး နယ်စပ်ဝင်ပေါက်များဖြစ် သည့် မြို့မတံတား၊ဓမ္မာရုံကူးတို့ဆိပ်၊ ထိုင်းနိုင်ငံမှတဆင့် ထိုင်းမြန်မာ နယ်နိမိတ် ပိုင်းခြားထားသည့် ပါချန်မြစ်ကြောင်း တစ်လျှောက်ကျေးရွာများမှ ဖြတ်သန်းဝင်ရောက်လာသူများ မရှိစေရေး တားဆီးစောင့်ကြည့်သည့်အဖွဲ့များဖြင့် အလေးထားသတိပြုကြပ်မတ်ဆောင်ရွက်လျှက်ရှိပြီး ၊ ခရိုင်နှင့်မြို့နယ်အတွင်း ရောဂါကူးစက်မှုမဖြစ်ပွားစေရေး မြို့တွင်းဈေးများ၊ ကားဂိတ်၊ လေဆိပ် နှင့် အများပြည်သူအသွားအလာများပြားရာ နေရာများ အားပိုးသတ်ဆေးဖြန်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမှုလုပ်ငန်းဆောင်ရွက်ခြင်း၊ လက်ဆေးခြင်း အလေ့အထများမဖြစ်မနေဆောင်ရွက်ကြရန် အသိပညာပေးခြင်းစသည့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိ မြို့နယ်အတွင်း ကိုယ်အပူချိန်မြင့်မား၍ စောင့်ကြပ်ကြည့်ရှုရမည့် သူများ တွေ့ရှိလာပါက ထားရှိနိုင်ရန် နေရာများ ကြိုတင်ပြင်ဆင်ထားရှိခြင်း ဆေးဝါးကုသမှုခံယူရန်ပြည်သူ့ဆေးရုံအတွင်း အသင့် ပြင်ဆင် ထားရှိခြင်းစသည့် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

ကျော်စိုး(ကော့သောင်း)