ထားဝယ် ၂၁ ဇွန်
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကော့သောင်းခရိုင်အတွင်း လမ်းများနှင့် တံတားများအား ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ ကမ်းရိုးတန်းကျားကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအုပ်စု၊ ဟန်ကပြု - ရွာဟေ့လူ ကျေးရွာချင်းဆက် မြေသားလမ်း (၂၄/ဝ)မိုင်အနက် ကျောက်လမ်း(၁/၄)မိုင် ဖောက်လုပ်ပြီးစီးပြီး ကျန်ရှိ(၃၂/၄)မိုင်မှ (၂/ဝ)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ (၅x၅x၂၆)ပေ Box Culvert (၂၀)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ရွှေလက်မြဲကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် ဟန်ကပြု - ရွာဟေ့လူ ကျေးရွာချင်းဆက် မြေသားလမ်း (၃၄/ဝ)မိုင်အနက် ဖောက်လုပ်ပြီး (၈/ဝ)မိုင်ပေါ်တွင် ၁ လွှာ ၁ ထပ်(၂၀)ပေ ဘေလီတံတား (၂)စင်းနှင့် ၁ လွှာ ၁ ထပ်(၃၀)ပေ ဘေလီတံတား (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဧရာအားမာန်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဟန်ကပြု - ရွာဟေ့လူ ကျေးရွာချင်းဆက် မြေသားလမ်း (၃၄/ဝ)မိုင်အနက် ဖောက်လုပ်ပြီး (၈/ဝ)မိုင် ပြုပြင်ဖောက်လုပ်ပြီးစီးပြီး ကျန်ရှိ(၂၆/ဝ)မိုင်မှ (၁၅/ဝ)မိုင် လမ်းပြုပြင်ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် မြေသားလမ်းအား ကျောက်တောင်ရှင်းလင်းခြင်း၊ လမ်းချဲ့ခြင်း၊ ဘေးမြေနံရံ အဆင့်လိုက် မြေဖြတ်ခြင်းလုပ်ငန်း (ဝ/၁)မိုင် ဆောင်ရွက်ခြင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အင်ဂျင်နီယာဌာနမှ တာဝန်ယူဆောင်ရွက်သော ဟန်ကပြု - ရွာဟေ့လူ ကျေးရွာချင်းဆက် မြေသားလမ်း (၃၄/ဝ)မိုင်အနက် ကျောက်လမ်း(၁/၄)မိုင် ဖောက်လုပ်ပြီးစီးပြီး ကျန်ရှိ(၃၂/၄)မိုင်မှ (၂/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ၎င်းလမ်ပေါ်ရှိ (၅x၅x၂၆)ပေ Box Culvert (၂၀)စင်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်နေမှု အခြေအနေများကို ဇွန် ၁၉ ရက်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုပြီး တာဝန်ခံအင်ဂျင်နီယာများအား သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


