ကော့သောင်း၊ ဧပြီ ၂၅

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းဒေသသည် သဘာဝပထဝီအနေအထားအရ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း၊ နူးညံ့သည့် သဲဖြူကမ်းစပ်များရှိသည့် ကျွန်းများ၊ အမျိုးစုံလင်လှသော သဘာဝပေါက်ပင်များ၊ ဒီရေတောများ၊ ကုန်းနေရေနေသတ္တဝါများ၊ ငှက်မျိုးစိတ်များ၊ ပင်လယ်ရေအောက် သန္တာကျောက်တန်းများ ပေါကြွယ်ဝသဖြင့် ထူးခြားသော သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်လျက်ရှိသည်။

 

ကျွန်းများ၏ ဖွဲ့စည်းတည်ရှိမှုမှာ ဆက်စပ်တည်ရှိနေခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှု နည်းပါးခြင်း၊ ကျွန်းများပေါ်တွင် လူနေထိုင်မှုနည်းပါးပြီး သဘာဝသယံဇာတ အလှအပများမြောက်များစွာ မပျက်မစီးတည်ရှိနေခြင်း၊ ရေပေါ်ရေအောက် ရာသီဥတုနှင့် အပူချိန်မျှတခြင်း၊ ကျွန်းတိုင်းလိုလိုတွင် သဲသောင်တန်းများ သဘာဝအလျောက် ရှိနေခြင်းတို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အဖွဲ့အလိုက်၊ မိသားစုအလိုက် အပန်းဖြေလာရောက်ရန် စွဲဆောင်လျက်ရှိသည်။

 

ထိုသို့ သဘာဝအမွေအနှစ်များ တည်ရှိရာ ကော့သောင်းဒေသသည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်း၊ တနင်္သာရီကမ်းရိုးတန်းဒေသ၏ တောင်ဘက်အကျဆုံးအပိုင်း ကော့သောင်းခရိုင်တွင် တည်ရှိသည်။ ကော့သောင်းခရိုင်သည် မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၅၈ မိနစ်နှင့် ၁၁ ဒီဂရီ ၁၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ်နှင့် ၉၉ ဒီဂရီ ၂၄ မိနစ်အကြားတွင်တည်ရှိပြီး မြောက်ဘက်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်၊ အရှေ့ဘက်တွင် ပါချန်မြစ်နှင့် ထိုင်းနိုင်ငံ၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ကပ္ပလီပင်လယ်ပြင်တို့ ထိစပ်တည်ရှိသည်။ ကော့သောင်းခရိုင်တွင် မြို့နယ်(၂)မြို့နယ်၊ မြို့(၃)မြို့၊ ရပ်ကွက်ပေါင်း (၂၁)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၃၈)အုပ်စုနှင့် ကျေးရွာပေါင်း (၁၆၂)ရွာတို့ရှိပြီး တိုင်းရင်းသားစုံလင်စွာ မှီတင်းနေထိုင်လျက်ရှိသည်။

 

ကော့သောင်းခရိုင်ရှိ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကျွန်းစုစုပေါင်း (၁၃၅)ကျွန်းရှိပြီး ကျွန်းများအားလုံးနီးပါး သဘာဝအလှအပများ၊ သက်ရှိမျိုးစိတ်ဇီဝမျိုးကွဲများ၊ ပင်လယ်ရေအောက် သန္တာကျောက်တန်းများ သဘာဝအလျောက် စိတ်ဝင်စားဖွယ်များဖြင့် ပြည့်လျက်ရှိကာ လာရောက်လည်ပတ် အနားယူအပန်းဖြေရန် စိတ်ဝင်စားဖွယ်ကျွန်းတချို့မှာ….

 

စေတန်ကျွန်း (Satan Island)။ ဖြူဖွေးနူးညံ့သော သဲသောင်ပြင် မီတာ(၁၅၀ဝ)ခန့်ရှိပြီး လှပသော ကမ်းခြေ(၃)ခုရှိသည်။ ကျွန်း၏ အနောက်ဘက်ခြမ်း သဲသောင်ပြင်၏ အနောက်ဘက် ပေ(၅၀ဝ)ခန့်အကွာတွင် Snorkeling Site အနည်းငယ်ရှိပြီး ရေချိုရရှိ၍ ခရီးတစ်ထောက်နားခိုရာ နေရာကောင်းဖြစ်သည်။ ကော့သောင်းမြို့နှင့် (၃၄)မိုင်အကွာတွင် တည်ရှိပြီး ဧရိယာစတုရန်းမိုင် (၄၈၅)မိုင် ကျယ်ဝန်းသည်။

 

ညောင်ဦးဖီးကျွန်း (Nyaung Oo Phee Island)။ မြောက်ဘက်ပင်လယ်အော်တွင် ကမ်းခြေလှပ၍ လေအကာအကွယ်ကောင်းသော နေရာဖြစ်သည်။ ရေအနက်မီတာ (၂၀)ခန့် တွင် တွေ့ရတတ်သော Sea Fan (သန္တာကျောက်တန်းအမျိုးအစားဝင်) များအား ကျွန်း၏ မြောက်ဘက်ပိုင်း ရေအနက် (၃)မီတာခန့်တွင် တွေ့သည်။ နူးညံ့ဖြူဖွေးအိစက်သည့် သဲသောင်ပြင်ရှိပြီး ရေချိုရရှိကာ TZK Co.,Ltd ၏ ညောင်ဦးဖီး အပန်းဖြေရီဆော့ဟိုတယ်ဖြင့် သာယာလှပသည်။

 

ခရင်းခွကျွန်း (Macleod Island)။ လှပပြီး ရှည်လျားသောကမ်းခြေ တည်ရှိသည်။ Myanmar Andaman Resort ရှိပြီး ရေပြာ၍ ကျောက်ချရပ်နားရန်ကောင်းသော နေရာများဖြစ်သည်။ Snorkeling Site နှင့် Dive Site များရှိပြီး Sea Snakes များ၊ ပင်လယ်ငါးရှဉ့်များနှင့် ငါးမျိုးစိတ်အမျိုး (၂၀)ခန့်တွေ့ရသည်။ စိမ်းလန်းသော ကျွန်းဖြစ်ပြီး တောဝက်များရှိသည်။

 

ငခင်ညိုကြီးကျွန်း (Nga Khin Nyo Gyee Island)။ လှပသော ကျောက်တုံးများဖြင့် သဘာဝအလျောက် ရှိနေသော Stone Garden များအပြင် ရေချိုစမ်းချောင်းငယ်ရှိသည်။ ကျွန်း၏ အနောက်ဘက်တွင် (၅)ဧကခန့်ရှိ Snorkeling Site နေရာကောင်းရှိပြီး တစ်ခါတစ်ရံ ငါးမန်းများတွေ့ရသည်။ အပန်းဖြေခရီးစဉ်များ၏ လမ်းကြောင်းပေါ်တွင် တည်ရှိသော ကျွန်းဖြစ်သဖြင့် ဧည့်သည်အများစု နားခိုလေ့ရှိသည်။

 

ကျွန်းဖီလာကျွန်း (Kyunn Phi Lar Island)။ ကျွန်း၏ အနောက်ဘက်ခြမ်းအော်သည် ငြိမ်သက်ပြီး ကမ်းခြေသာယာသည်။ ဧည့်သည်များ မီးပုံပွဲလုပ်လေ့ရှိပြီး ကမ်းခြေသည် (၁၂)မီတာရှည်လျား၍ အရှည်ဆုံးကမ်းခြေဖြစ်သည်။ တောဝက်နှင့် မျောက်များ တွေ့ရတတ်သည်။ အရှေ့ဘက်ကမ်းခြေတွင် ရွာငယ်ရှိပြီး ရေချိုနှင့် ကျောက်ပုစွန်များရှိသည်။ ကျွန်း၏ အနောက်မြောက်ဘက်တွင် နားခိုကျွန်းငယ်များရှိကာ Snorkeling နေရာကောင်းများဖြစ်ပြီး သာယာသော ကမ်းခြေများရှိသည်။

 

၁၁၅ ကျွန်း (115 Island)။ ရေချိုရရှိသော ကျွန်းဖြစ်ပြီး ကျွန်းပတ်လယ် တောလမ်းများတွင် သွားလာကြည့်ရှုနိုင်သည်။ ကမ်းခြေလှပ၍ ရေကြည်လင်ပြီး ရေအနက် (၁၂)မီတာခန့်တွင် ကျောက်ချရပ်နားရန် နေရာကောင်းများရှိသည့်အပြင် သံကူကွန်ကရစ် အမျိုးအစား ပေ(၁၅၀)ရှိ ဆိပ်ခံတံတားရှိသည်။

 

ဗိုလ်ချိုကျွန်း (Bo Cho Island)။ မကြုံဂလက်ကျေးရွာရှိပြီး ဗမာ၊ ဆလုံ၊ ကရင် တိုင်းရင်းသားများ နေထိုင်၍ လူဦးရေ (၈၀ဝ)ခန့်ရှိသည်။ ဧည့်သည်များ ကျွန်းပေါ် တက်ရောက်လည်ပတ်လေ့ရှိပြီး Souvenir အမှတ်တရပစ္စည်းများအား ဒေသခံများက ရောင်းချသည်။ ရှားပါးလူသားမျိုးနွယ်စု တစ်ခုဖြစ်သည့် ဆလုံ (ခ) မော်ကင်း (ခ) ပင်လယ်ပျော် လူသားမျိုးနွယ်စုများကို သဘာဝအတိုင်း တွေ့မြင့်ရမည်ဖြစ်သည်။

 

ကြက်မောက်ကျွန်း (Cock Comb Island)။ အသည်းပုံသဏ္ဌာန် ရေကန်တစ်ခုရှိပြီး မတ်စောက်သော ကျောက်တောင်များဖြင့် ဖွဲ့စည်းထားကာ ဇီဝဇိုးငှက်များရှိပြီး သဘာဝမြက်ပင်နှင့် မုန်တိုင်ပင်ကဲ့သို့သော အပင်ငယ်များ ပေါက်ရောက်သည်။ ဇီဝဇိုးငှက်များ၏ ဆေးဖက်ဝင် သဘာဝငှက်သိုက်များကို တွေ့မြင်ရနိုင်သည်။    

 

လန်ပိကျွန်း (Lanpi Island (or) Kyunn Tann Shey)။ တောင်ဘက်ခြမ်း ကမ်းခြေတွင် ရှည်လျားသော သဲသောင်ကမ်းခြေရှိ၍ ညအိပ်ကျောက်ချရပ်နားနိုင်သော နေရာများရှိသည်။ ကျွန်းတွင် လမုချောင်းရှိပြီး ရေချိုရရှိသည်။ ပင်လယ်မြက်၊ အမြဲစိမ်း သစ်တော၊ ဒီရေတော စသည့် သဘာဝပေါက်ပင်နှင့် ကုန်းနေ၊ ရေနေသတ္တဝါများ၊ ငှက်မျိုးစိတ်များရှိပြီး အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသော ကန့်သတ်နယ်မြေ ဖြစ်သည်။

 

ဝအလယ်ကျွန်း (Wa Ale Kyunn)။ အောက်ခြေသဲနုများရှိသော ရှည်လျားသည့် ကမ်းခြေရှိသည်။ ကျွန်းတွင် ရေချိုစမ်းချောင်းရှိပြီး ကျွန်းတစ်ဝိုက် အပန်းဖြေလမ်းလျှောက် လည်ပတ်နိုင်သည်။ ပင်လယ်ဒီရေတောများကို သဘာဝအနေအထားအတိုင်း ထိန်းသိမ်းထားကာ သန္တာကျောက်တန်းများ တွေ့ရှိရပြီး ပင်လယ်လိပ်များ သားပေါက်သည့် ကျွန်းဖြစ်သည်။

 

အချုပ်အားဖြင့်ဆိုရသော်  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ရှိ ကျွန်းများမှာ ဖန်ဆင်းသည့် ပရိယာယ်မရှိသော ပင်လယ်ပြင်အတွင်း သဘာဝအတိုင်း သာယာလှပသော ရေအောက်သန္တာကျောက်တန်းများနှင့် ရေအောက်ရှားပါးသတ္တဝါများ၊ ဒီရေတောများ၊ အမြဲစိမ်းတောများ စသည့် သဘာဝသယံဇာတများ ပေါကြွယ်ဝလျက်ရှိပြီး ကော့သောင်းခရိုင်အတွင်း အပန်းဖြေကျွန်းများသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့် Diving, Snorkeling နှင့် Adventure ဟူ၍ ကြိုက်နှစ်သက်ရာရွေးချယ်ကာ ခရီးစဉ်အမျိုးအစားအလိုက် အပန်းဖြေ လာရောက်လည်ပတ်ကြရန် တိုက်တွန်းရေးသား ဖိတ်ခေါ်လိုက်ရပါသည်။

 

ကျော်စိုး(ကော့သောင်း)