ကော့သောင်း၊ မတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ထောက်ပံ့မှုဖြင့် ကော့သောင်းခရိုင်အတွင်းရှိ မော်ကယ်(ဆလုံ) တိုင်းရင်းသားများအား ဖိုင်ဘာလှေနှင့် အိမ်သုံးဆိုလာပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မတ် ၁၀ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်၊ ယဉ်ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြားပြီး ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသား ကျေးရွာများဖြစ်သည့် မကြုံဂလက်ကျေးရွာနှင့် ညောင်ဝိကျေးရွာများမှ ဆလုံတိုင်းရင်းသားများအား ဖိုင်ဘာလှေများပေးအပ်ကာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ဆလုံတိုင်းရင်းသား အိမ်ထောင်စုများသို့ အိမ်သုံးဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် မော်ကယ်(ဆလုံ) တိုင်းရင်းသားများကိုယ်စား ဆလုံတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဖိုင်ဘာလှေနှင့် အိမ်သုံးဆိုလာပစ္စည်းများအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ထောက်ပံ့မှုဖြင့် တနင်္သာရီတိုင်းအတွင်းရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များရှိ ဆလုံတိုင်းရင်းသား ကျေးရွာများသို့ ယခုဘဏ္ဍာရေးနှစ်အတွင်း တစ်စီးလျှင် ကျပ် ၃၉၆၀၀၀ တန်ဖိုးရှိ ဖိုင်ဘာလှေ စုစုပေါင်း (၂၂၆)စီး ပေးအပ်သွားမည်ဖြစ်ရာ ယနေ့ ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားကျေးရွာများအတွက် ဖိုင်ဘာလှေ အစီး (၁၀၀)နှင့် တစ်စုံလျှင် ကျပ် ၂၇၀၀၀၀ တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်း (၁၄၁)စုံအား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတောင်ဖက်စွန်းဒေသများရှိ ရှားပါးလူသားမျိုးနွယ်စု တစ်မျိုးဖြစ်သည့် ပင်လယ်ပျော် မောကယ် (ခ) ဆလုံတိုင်းရင်းသား မိသားစုများသည် ပင်လယ်ကျွန်းများတွင် ကျက်စားနေထိုင်ကြရာ ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှု ကိစ္စများတွင် လှေသည် မရှိမဖြစ်အဓိက အခန်းကဏ္ဍမှ အရေးကြီးသည့် အသုံးအဆောင်ဖြစ်ကြောင်း၊ ဆလုံလူများများ၏ ရိုးရာအသက်မွေးမှု လှေမှာသစ်သားဖြင့် ထွင်းထုပြုလုပ် အသုံးပြုကြရာ သစ်သားဆွေးမြေ့မှုကြောင့် တာရှည်သုံးစွဲရာတွင် အခက်အခဲများ ဖြစ်ပေါ်လေ့ရှိသဖြင့် (၁၀)နှစ်ခန့် တာရှည်အသုံးခံမည့် ဖိုင်ဘာနည်းပညာဖြင့် ပြုလုပ်ထားသည့် လှေအား ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းတွင်လည်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းအတွင်းရှိ ဆလုံတိုင်းရင်းသားများအား ဖိုင်ဘာလှေများ ထပ်မံထောက်ပံ့ပေးအပ်သွားရန် စီစဉ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၏ ပြောကြားချက်အရ သိရသည်။
ကျော်စိုး(ကော့သောင်း)


