ကော့သောင်း  ၂၂   ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့အတွင်းသို့ အခြားတိုင်းဒေသကြီးများ နှင့်ပြည်နယ်များမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါတားဆီး ထိန်းချုပ်နိုင်ရေး Facility Quarantine အဖြစ် ၂၈ ရက် စောင့်ကြည်သွားမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့သို့ စတင်ဝင်ရောက်ရာ ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်း ဆယ်မိုင်ကျေးရွာတွင် စောင့်ကြည့်စစ်ဆေးရေးဂိတ် ဖွင့်လှစ်ကာ မော်တော်ယာဉ်များအား စတင်စစ်ဆေးလျက်ရှိသည့် အခြေအနေများအား ကော့သောင်းခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ မြို့နယ် ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် ကော်မတီဝင်များ သွားရောက်ကြည့်ရှု လမ်းညွှန်မှုများပြုခဲ့ကြောင်း သိရသည်။

 

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုမှတ်တမ်းများအရ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိသူများကို လက်ရှိအချိန်အထိ စစ်ဆေး တွေ့ရှိရခြင်းမရှိသေးသော်လည်း မိမိတို့ တိုင်းဒေသကြီးနှင့် ခရိုင်များအတွင်းရောဂါ ဝင်ရောက်ကူးစက်ဖြစ်ပွားမှု မဖြစ်ပေါ်စေရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ညွှန်ကြားချက်များနှင့်အညီ ယခုကဲ့သို့ ကော့သောင်းခရိုင်မှလည်း တားဆီးထိန်းချုပ်မှု လုပ်ငန်းများအား  အရှိန်အဟုန်မြှင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။

 

ရောဂါထိန်းချုပ်တားဆီးစစ်ဆေးမှု လုပ်ငန်းများကို ပြည်ထောင်စုလမ်းပိုင်း ကော့သောင်းမြို့၊ ဆယ်မိုင်ကျေးရွာတွင် စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ထားပြီး  နံနက်၄နာရီမှ စတင်ကာ ညမထွက်ရအမိန့် စတင်သည့် ည(၁၀)နာရီ အချိန်အထိအတွင်း ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်အဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဖြင့် အဖွဲ့(၃)ဖွဲ့ခွဲကာ အလှည်ကျ ကြပ်မတ်စောင့်ကြည့်တားဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကော့သောင်းမြို့သို့ မော်တော်ယာဉ်လမ်းကြောင်းဖြင့် ဝင်ရောက်လာမည့် အခြား တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ခရီးသည်တင်ကားများ၊ ကုန်စည်ပို့ဆောင်သည့်ကားများနှင့် ကိုယ်ပိုင်ကားများအား တားဆီးစစ်ဆေးကာ မော်တော်ယာဉ်များဖြင့် လိုက်ပါလာသူများအားလုံး ကော့သောင်းမြို့နယ်အတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် Facility Quarantine  Center များတွင် Facility Quarantine (၂၁) ရက် နှင့် Home Quarantine(၇)ရက် စုစုပေါင်း (၂၈)ရက် စောင့်ကြည်ခြင်း ခံယူရမည်ဖြစ်သည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့ကြီးများဖြစ်သည့် ထားဝယ်၊ မြိတ်၊ နှင့်အခြားမြို့မှ ကော့သောင်းမြို့သို့ လာရောက်သူများကိုမှု Facility Quarantine ပြုလုပ်မည်မဟုတ်သော်လည်း စစ်ဆေးရေးဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာကျန်းမာရေး စစ်ဆေးခြင်းများ သတိပြုကြပ်မတ် ဆောင်ရွက်ကာ ရောဂါသံသယဖြစ်မှုများ စစ်ဆေးပေါ်ပေါက်လာပါက ကျန်းမာရေးဌာန၏ အတည်ပြုချက်ဖြင့် Facility Quarantine ထားရှိသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါ ကြပ်မတ်စောင့်ကြည့်တားဆီး စစ်ဆေးရေးဂိတ် အတွင်း တားဆီးစစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် မော်တော်ယာဉ်ကြောပိတ်ဆို့မှု၊ လူစုလူဝေးဖြစ်ပေါ်မှု နှင့်ခရီးသွားပြည်သူများ ကြန့်ကြာမှုများမဖြစ်ပေါ်ရန်၊ လုပ်ငန်းဆောင်ရွက်မှုအဆင့်များ အဆင်ပြေချောမွေ့စေရန်၊ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ပြည်သူများနားလည် သဘောပေါက်စေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ကာ သတိပေးချက်များ ထုတ်ပြန်ထားကြရန်နှင့် လိုအပ်သည်များကို ကော့သောင်းခရိုင်၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌမှ လမ်းညွှန်မှုပြုခဲ့ကြောင်း သတင်းရရှိသည်။

          

ကျော်စိုး (ကော့သောင်း)