ကော့သောင်း ဒီဇင်ဘာ ၂၈
ကော့သောင်းခရိုင်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး သတ်မှတ်ရာခိုင်နှုန်း ကျော်လွန်အောင် ထိုးနှံနိုင်ခဲ့သည့် အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက “ကော့သောင်းခရိုင် အနေဖြင့် မြို့နေလူဦးရေး၏ ၅၀ ရာခိုင်နှုန်းကျော်ကို သတ်မှတ်ကာလအတွင်း ကျော်လွန်အောင် ထိုးနှံပေးနိုင်ခဲ့သည့် ကျန်းမာရေးဌာနနှင့် ရောဂါထိန်းချုပ်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်းအဖွဲ့များအား ကျေးဇူးအထူးတင်ရှိကြောင်း” အမှာစကား ပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ကော့သောင်းခရိုင်ရှိ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီများအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၂၅ သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ကော်မတီဥက္ကဋ္ဌ များသို့ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုက ကော့သောင်း မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျန်းမာရေးဦးစီးဌာနမှူးများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပြီး တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက ကော့သောင်း ခရိုင်ရှိ စေတနာ့ဝန်ထမ်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)