ကော့သောင်း မတ် ၇

 

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့၌ အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံး အာရ်စီ သုံးထပ်အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ အဆောက်အအုံသစ် မျက်နှာစာ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး အောင်ကိုလတ်တို့က ဥပဒေရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရုံးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများက အဆောက်အအုံသစ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် တာဝန်ရှိသူများနှင့်အတူ ငွေတိုးစံကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့သည့် ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံး အလျား ၆၅ ပေ၊ အနံ ပေ ၃၀ အာရ်စီသုံးထပ်ရုံး အဆောက်အအုံသစ်ကို လှည့်လည်ကြည့်ရှုပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်က ဥပဒေအရာရှိများသည် ဥပဒေအရာရှိ ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်တို့နှင့်အညီ ရာထူးအဆင့်နှင့်လျော်ညီစွာ ပြုမူကျင့်ကြံနေထိုင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဥပဒေပညာဖြင့် ကာကွယ်စောင့်ရှောက်ကြရန် ပြောကြားသည်။ 

 

ထို့နောက် တက်ရောက်လာသည့် ဥပဒေအရာရှိများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဥပဒေချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

ခရိုင်(ပြန်/ဆက်)