ကော့သောင်းမြို့ ဘုရင့်နောင်ရုပ်တုကုန်းမြေ တောင်ပတ်လမ်းနှင့် ဗျူးပွိုင့် အပန်းဖြေရင်ပြင်တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ကော့သောင်း  ၁ ဖေဖော်ဝါရီ

 

မြို့ကျက်သရေဆောင် ဘုရင့်နောင်ရုပ်တု ကုန်းမြေဝန်းကျင်သည် ပါချန်မြစ်ဝမှတစ်ဆင့် တစ်ဖက်ထိုင်းနိုင်ငံသို့ လှမ်းမြင်ရသည့် သာယာလှပသည့် အပေါ်စီးရှုခင်းများကြောင့် မြို့သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အမှတ်တရဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်း၊ မြို့ခံပြည်သူများ အပန်းဖြေအနားယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အစဉ်စည်ကားလျက်ရှိသည့် နေရာတစ်ခုဖြစ်ရာ ကုန်းမြေပိုမိုသာယာလှပရေးနှင့် ကျန်းမာရေးလေ့ကျင့်မှုအဖြစ် ကုန်းမြေပတ်လမ်းလျှောက်ကြသည့် ဒေသခံပြည်သူများ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ ကုန်းမြေပေါ်ရှိ ချုံနွယ်များပိတ်ကာ တိမ်ကော လျက်ရှိသည့် ကုန်းမြေ ဒုတိယပတ်လမ်းဟောင်းအား ပြန်လည်ဖော်ထုတ်ပြီး ကွန်ကရစ်ခင်းခြင်း၊ ကုန်းမြေမှ ကမ်းနားလမ်း ဆိပ်ကမ်းသာပန်းခြံသို့ လှေကား အဆင်းလမ်း တည်ဆောက်ခြင်း၊ လမ်းမီးတိုင်များဖြင့် အလှဆင်ခြင်း၊ အများပြည်သူ အပန်းဖြေအနားယူနိုင်ရန် ရင်ပြင်တည်ဆောက်ခြင်း၊ ကြွေပြားခင်း အလှဆင်ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၃၁ ရက်တွင် လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ထိုင်း-မြန်မာ နယ်စပ် ဖြတ်သန်းခရရှိငွေမှ ၁ဝ ရာခိုင်နှုန်း နှင့် မိမိတို့၏ မြို့ပိုမိုသာယာလှပရေး မြို့ခံ စေတနာရှင် အလှူရှင်ထည့်ဝင်လှူဒါန်းငွေများဖြင့် ကော့သောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့က လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များ၊ မြို့နေပြည်သူများ စိတ်လက်အေးချမ်းစွာ အပန်းဖြေနိုင်ကြရေး စံချိန် စံညွှန်းများနှင့်အညီ တာဝန်ယူ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 

 

ကျော်စိုး (ကော့သောင်း)