ကော့သောင်း ၊ ၁၁ ဇန်နဝါရီ

 

ကော့သောင်းမြို့၊ အက်ဒမန်ပင်လယ်၊ ဆလုံကျွန်းအနီးတွင် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ငါးသယ်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားရာ ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့မှ အချိန်မီ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လှေဦးစီး ဦးဇော်မင်းထွန်း မောင်းနှင်ကာ လှေလုပ်သား ခြောက်ဦးဖြင့် အလျား ပေ ၆၀ × အနံ ၁၆ ပေ × ရေစူး ၆ ပေ ရှိ ကျော်ဇေယျာ-၅၅ အမည်ရှိ သစ်သားခွံ ငါးသယ်လှေသည် ကော့သောင်းမြို့မှ ရေခဲများ တင်ဆောင်ထွက်ခွာလာရာ ကော့သောင်းမြို့ အနောက်ဘက် အက်ဒမန်ပင်လယ်၊ ဆလုံကျွန်းအနီး အရောက်တွင် လှိုင်းလေပြင်းထန်ကာ ကျောက်ဆောင်အား တိုက်မိပြီး ရေဝင်နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လှေနစ်မြုပ်ရာသို့ ပင်လယ်အတွင်း ကင်းလှည့်လျက်ရှိသည့် ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့ ရဲအုပ် အောင်ဇော်မျိုး ဦးဆောင်သည့်  ရဲရေယာဉ် ရဲမန်အောင် ၃၃၄နှင့် ရဲအုပ် ဇော်ဝင်းအောင် ဦးဆောင်သည့် ရဲရေယာဉ် အမှတ် ၀၁၆ ရေယာဉ်နှစ်စီးဖြင့် အချိန်မီ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

လှေနစ်မြုပ်မှုကြောင့် လှေပေါ်ပါ ပစ္စည်းအချို့ပျက်စီးဆုံးရှူံးခဲ့ပြီး လှေလုပ်သားများအားလုံးကို အသက် အန္တရာယ်မရှိဘဲ ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)