ကော့သောင်း ၂၁ ဧပြီ
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည့် မြို့နေရပ်ကွက်တချို့မှ အခြေခံလူတန်းစား မိသားစုများသို့ ဟင်းစားငါးများနှင့်နှာခေါင်းစည်းများ လိုက်လံထောက်ပံ့ လှူဒါန်းလျှက် ကိုဗစ်-၁၉ ရောဂါကာကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများ လိုက်လံကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း ဧပြီလ ၂၁ ရက်နေ့က သိရသည်။

မြို့ခံ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင် ပရဟိတအဖွဲ့ဝင်များက ကော့သောင်းမြို့၏ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်းအရောင်းဆိုင် လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖ အလှူရှင်များ ဝိုင်းဝန်းပူးပေါင်း လှူဒါန်းကူညီမှုဖြင့် မြန်မာ့ပင်လယ်ပြင်မှ ဖမ်းယူရရှိသည့် ပင်လယ်ငါးများအား မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစားမိသားစုများ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ကာ ဟင်းစားငါးများအား အိမ်တိုင်ယာရောက် ရပ်ကွက်အလိုက် အလှည့်ကျ လိုက်လံထောက်ပံ့ လှူဒါန်းပေးခြင်းဖြစ်ကြောင်း ပရဟိတအဖွဲ့ခေါင်းဆောင် ကိုသိန်းနိုင်ဦး (ကိုမိုးတိမ်)ကပြောသည်။

ထို့အပြင် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးအသိ သတိဖြင့်နေထိုင်ကြရေး၊ မလိုအပ်ပါက အိမ်ပြင်သို့ မထွက်ကြဘဲ မိမိအိမ်တွင်နေထိုင်ကြရေး၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင် ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကာ နှာခေါင်းစည်းများ အားလူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ယနေ့ ထောက်ပံ့လှူဒါန်းမှုအဖြစ် ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း (၃၅၀)ခန့် ကို ဟင်းစားငါးများနှင့် နှာခေါင်းစည်းMask များ လိုက်လံ ပံ့ပိုးလှူဒါန်းပေးခဲ့ကြကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)
