ကော့သောင်း ၁၆ ဧပြီ
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့နေအခြေခံလူတန်းစားမိသားစုများသို့ ဟင်းစားငါးများနှင့် ကြက်ဥများအား နေ့စဉ် တစ်နိုင်တစ်ပိုင် လိုက်လံထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ဧပြီ ၁၅ ရက်နေ့က သိရသည်။
မြို့ခံပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့အား ကမ်းနီးငါးဖမ်းလှေ လုပ်ငန်းရှင်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ရာ အဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းဖြစ်သည့် ကမ်းနီးငါးဖမ်းလုပ်ငန်းခွင်မှ နေ့စဉ်ဖမ်းယူရရှိသည့် ငါးများအား ဈေးကွက်သို့တင်ပို့ရောင်းချမှုကို လျော့ချကာ မြို့ပေါ်ရပ်ကွက်များနှင့် ဆင်ခြေဖုံးရပ်ကွက်များမှ ရပ်ကွက်နေ အခြေခံလူတန်းစား မိသားစုများ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ ဟင်းစားငါးများနှင့် ကြက်ဥများအား အိမ်တိုင်ရာရောက် ရပ်ကွက်အလိုက်အလှည့်ကျ နေ့စဉ် လိုက်လံထောက်ပံ့ လှူဒါန်းလျက်ရှိပြီး ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးသတိဖြင့် နေထိုင်ကြရေး၊ မလိုအပ်ပါက အိမ်ပြင်သို့မထွက်ကြဘဲ မိမိအိမ်တွင်နေထိုင်ကြရေး၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ တတ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)