ကော့သောင်း   ၁၇   မတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ သူဌေးကျွန်းပေါ်ရှိ ကြယ်ငါးပွင့်အဆင့် Grand Andaman Hotel  တွင် ယမန်နေ့ မွန်းလွဲပိုင်းက COVID-19 သံသယရှိသူတစ်ဦး တွေ့ရှိသည် ဆိုသည့် လူမှုကွန်ရက် စာမျက်နှာတစ်ချို့တွင်    ပြန့်နှံ့ခဲ့သည့် သတင်းမှာ   ကောလာဟလ သတင်းသာ ဖြစ်ကြောင်း သိရသည်။

 

210

 

အဆိုပါ နေ့မွန်းလွဲပိုင်းက ဟိုတယ်သို့ ထိုင်းနိုင်ငံမှ ထိုင်းအမျိုးသားတစ်ဦး လာရောက်လည်ပတ်ပြီး ကျားနဂါးဂိမ်းကစားခဲ့ရာမှ ရှုံးပွဲများလာသည်က တစ်ကြောင်း၊ ကစားသူများတိုးဝှေ့များပြားမှုကြောင့် ထိုအမျိုးသားမှာ ကစားဂိမ်းကစားအခန်းအတွင်း မိမိတွင် COVID-19 ရောဂါရှိကြောင်း အော်ဟစ်ပြောဆိုရာမှ အခြားလူများအထိန့်တလန့်ဖြစ်ပွားကာ လုံခြုံရေးတာဝန်ရှိသူများက ၎င်းအား Thermal Sensor များဖြင့် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးရာ ကိုယ်အပူချိန် ပုံပှန်ပဲအနေအထားဖြင့် တွေ့ရှိရပြီး  အခြားသူများ အထိတ်တလန့် ဖြစ်စေရန်ပြုမှုပြောဆိုသဖြင့် ထိုသူအား ဆက်လက်ကစားခွင့် မပြုတော့ဘဲ ထိုင်းနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့သည်။

 

ထို့ပြင် ၎င်းပြန်လည်လာရောက်မှုအား ထိန်းချုပ်နိုင်ရန်  ၎င်း၏ ဓာတ်ပုံကို  Covid - 19 suspect ခေါင်းစဉ်ဖြင့်   CCTV မှတစ်ဆင့်  banned record ထုတ်ကာ လုံခြုံရေးဆောင်ရွက်သည့် အဖွဲ့ခွဲများအား ပေးအပ်ရာမှ အကြောင်းအမျိုးမျိုးကြောင့် လူမှုကွန်ရက်စာမျက်နှာများပေါ် ရောက်ရှိပြန့်နှံ့ ကာ ဒေသခံများ အပါအဝင် အများပြည်သူ ထိတ်လန့်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

 

4143

 

အဆိုပါ ထိုင်းအမျိုးသားမှာ လွန်ခဲ့သည့်(၂)နှစ်ခန့် ကလည်း ဟိုတယ်သို့လာရောက် ဂိမ်းကစားစဉ်က မိမိတွင် HIV –AIDS ရောဂါရှိကြောင်းပြောဆိုဖူးခဲ့ဖူးသဖြင့် ဟိုတယ်လာဧည့်သည်များ အထိတ်တလန့် ဖြစ်ပွားခဲ့ဖူးကြောင်း ဟိုတယ်မှတ်တမ်းများအရ သိရသည်။

 

ဟိုတယ်တာဝန်ရှိသူများအနေဖြင့် လာရောက်လည်ပတ်သည့် ဧည့်သည်များ အပါအဝင် တာဝန်ကျ ဝန်ထမ်းများအား လုပ်ငန်းခွင်မဝင်မီနှင့် တာဝန်ပြီးဆုံးချိန်များအထိ တစ်ဦးချင်းစီအား Thermal Sensor များဖြင့် နေ့စဉ်ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းစသည့် COVID-19 ကာကွယ်ရေး လုပ်ငန်းများ အလေးထား ဆောင်ရွက်လျှက်ရှိရာ ဗိုင်းရပ်(စ်)ကူးစက်ခံရသူ ယနေ့အထိ တွေ့ရှိရခြင်း မရှိသေးကြောင်းလည်း သိရသည်။

 

ကော့သောင်းမြို့အနေဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် လူစုလူဝေး ဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များအား ကျင်းပပြုလုပ်ခွင့်ကို ဧပြီ ၃၀ ရက် နေ့အထိ ရပ်ဆိုင်း  ထားပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ပြီး မိမိတို့မြို့နယ်အတွင်းသို့ နယ်စပ်မှ ဝင်ရောက်နိုင်သည့်နေရာများဖြစ်သည့် လေဆိပ်၊ရေဆိပ်၊ ကူးတို့ဆိပ်၊ ကားဂိတ် များတွင် ကျန်းမာရေးဝန်ထမ်းများက ဝင်ရောက်လာသူများအား COVID-19 ဗိုင်းရပ်ရောဂါပိုးရှိ/မရှိ သတိပြု စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း၊ ရောဂါအန္တရာယ် ကင်းရှင်းရေး မြို့နေပြည်သူများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်  ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ အလေးအနက် ပန်ကြားထားကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)