ကော့သောင်း ၂၀ ဇူလိုင်
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း ဆွမ်းကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရေး ကာလဒါနသံဃိကအလှူတော်အဖြစ် အခြေခံစားကုန်များအား ကော့သောင်းမြို့၊ နိဗ္ဗာန်အေး ပရိယတ္တိ စာသင်တိုက် သံသယာအေးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်း ဆက်ကပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လာရောက်လှူဒါန်းကြသည့်အလှူရှင်များက ကော့သောင်းမြို့မဟာစည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာလောကထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်ပြီး နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာဏ က ကာလဒါနသံဃိကအလှူတော် ပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းမိန့်ကြားကာ ရွှေပြည်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပါမောက္ခမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေပြီး ကာလဒါနသံဃိက အလှူတော်အဖြစ် အခြေခံစားကုန်ဆွမ်းခြောက်များကို သံဃာတော်များအား အလှူရှင်များက ဆက်ကပ်လောင်းလှူကြသည်။
လှူဒါန်းမှုတွင် မြို့မိမြို့ဖစေတနာရှင်အလှူရှင်များ၊ စုပေါင်းလှူဒါန်းခဲ့ကြသည့် ဆေးဝါးများအပါအဝင် ဆန်၊ဆီနှင့် အခြေခံစားကုန်ပစ္စည်းများအား ကော့သောင်းမြို့၊ နိဗ္ဗာန်အေးပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ကျောင်းအကျိုးတော်ဆောင် တာဝန်ရှိသူများက စာရင်းပြုစု စုဆောင်းကာ အလှူပစ္စည်းများအား ကျောင်းရှိသံဃာဦးရေအလိုက် ရရှိနိုင်မည့်အလှူပစ္စည်းများအဖြစ် စနစ်တကျခွဲတမ်းချ စီစဉ်လျက် ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်း တိုက်(၁၁၁)ကျောင်းမှ သံဃာတော်များအား ကာလဒါနသံဃိကအလှူတော်အဖြစ် ပြန်လည်ဖြန့်ဝေ လှူဒါန်း လောင်းလှူဆက်ကပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


