ကော့သောင်း ၁၈ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု လုပ်ငန်းများ ထိရောက်စေရေး ဧပြီ ၁၈ ရက်နေ့မှစတင်ကာ မည်သူမဆို လုံလောက်သည့် အကြောင်းပြချက်မရှိဘဲ ည ၉ နာရီမှ မနက် ၄ နာရီအထိ မိမိနေအိမ်ပြင်ပသို့ ထွက်ခွာခြင်း လုံးဝမပြုကြရန် အပြင်မထွက်ရအမိန့်အား ကော့သောင်းမြို့နယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားကြောင်း သိရသည်။
ကုန်စည်စီးဆင်းမှုအတွက် သွားရောက်မည့် ပဲ့ချိတ်စစ်လှေ၊ ငါးဖမ်းလှေ၊ မော်တော်ယာဉ်များနှင့် ကျန်းမာရေးကိစ္စအလို့ငှာ အချိန်မတော် ဆေးရုံပို့ဆောင်ရမည့် လူပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ စည်ပင်သာယာရေး အဖွဲ့များ၏ စိစစ်ခွင့်ပြုချက်အရ သတ်မှတ်နေရာများတွင် လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထုအနေဖြင့် နေ့ခင်းဘက်မှာ မဖြစ်မနေပြင်ပကို သွားလာရန်လိုအပ်ပါက အိမ်ထောင်စု တစ်စုလျှင် လူတစ်ဦးတည်းသာ ထွက်ကြဖို့နဲ့ mask မတပ်ဘဲ အိမ်အပြင်ကို ထွက်ခွာခြင်း လုံးဝ မပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။
ထို့အပြင် ကော့သောင်းမြို့မှ ဈေးအသီးသီးတွင်လည်း ဈေးရောင်းချိန် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရောင်းဝယ်ကြရေး၊ ဈေးရောင်းချသူ ဈေးဝယ်သူ အားလုံးကို နှာခေါင်းစည်း mask တပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ် ပြုလုပ်ကြရန်နှင့် လိုက်နာမှုမရှိပါက မည်သူမဆို ဒဏ်ငွေ(၅၀၀၀)ကျပ် ပေးဆောင်ရန် ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ အမိန့်အား ဧပြီ ၁၈ ရက်မှစတင်ကာ နောက်ထပ် ပယ်ဖျက်သည့် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီကာလအထိ တည်မြဲနေမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း နေထိုင်သူ အားလုံး စည်းကမ်းချက်များအား လိုက်နာကြရမည်ဖြစ်ကြောင်း မလိုက်နာပါက တည်ဆဲဥပဒေအရ တိတိကျကျ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)