ကော့သောင်း၊ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် မြို့နေပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန် ၂ ရက် နံနက် နာရီက  ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက COVISHIELD ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံအပြီး ရက်သတ္တပတ် လေးပတ် (၂၈)ရက်ခြားကာ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်သည်။

 

ကော့သောင်းမြို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမတိုင်မီက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသည့်လူနာ (၄၇)ဦးရှိခဲ့ကြောင်း၊ အားလုံးမှာကော့သောင်းဒေခံများ မဟုတ်ကြကြောင်း၊ ပိုးတွေ့လူနာများအားလုံး သက်သာပျောက်ကင်းခဲ့ကြကြောင်း၊ ယခုတဖန် ယခုနှစ်ဇွန်လအတွင်း ရောဂါပိုးထပ်မံတွေ့ရှိသူ ဒေသခံ ၁၆ ဦးရှိကြောင်း၊ ခရိုင်ဆေးရုံကြီးမှာ ကုသမှုခံယူပြီး ()ဦးမှာ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်(၁၄)ဦးမှာ ဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း၊ သေဆုံးမှုဖြစ်စဉ်မရှိပါကြောင်း၊ အခုလို ကာကွယ်ဆေးထိုးနှံပေးသည့်အချိန်မှာ မြို့နေပြည်သူများ လာရောက်ထိုးနှံဖို့ တိုက်တွန်းလိုကြောင်း ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။

 

ပထမအသုတ်ရောက်ရှိလာသည့် ကာကွယ်ဆေးဖြင့် ပြည်သူ(၅၄၂၅)ဦးအား ပထမအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုထိုးနှံသည့်ရက် မတိုင်မီအထိ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးပြီးသည့်ဦးရေမှာ (၄၉၀၀)ဦးရှိပြီဖြစ်ကြောင်း၊  ဒုတိယအသုတ် ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးဖြင့် ကျန်ရှိသည့် မြို့နေပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)