ကော့သောင်း ဇူလိုင်  

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ဇူလိုင် ရက်က Rapid Diagnostic Antigen Test Kid (RDT) စစ်ဆေးချက်အရ ပြည်ပမှဝင်ရောက်လာပြီး ဟိုတယ်အသီးသီးတွင် အသွားအလာ ကန့်သတ်ထားသည့် သင်္ဘောသား ၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှတစ်ဆင့် သိရသည်။

ကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွင် ကော့သောင်းမြို့နယ်အတွင်း ပြည်တွင်းကူးစက်မှုအသွင်ဖြင့် နေ့စဉ်နီးပါး ရောဂါပိုးတွေ့ရှိသူများ ပေါ်ထွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားစဉ်ကာလကတည်းက နိုင်ငံခြားလေကြောင်းလိုင်းများ ရပ်ဆိုင်းထားသဖြင့် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများပေါ်တွင် အလုပ်လုပ်ကိုင်လျက် တာဝန်ပြီးဆုံးသည့် သင်္ဘောသားများအား Crew Change သင်္ဘောသား အလွှဲအပြောင်းလုပ်ငန်းများကို ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ဝင်ရောက်လာသည့် သင်္ဘောသားများကို စစ်ဆေးတွေ့ရှိချက်အရ အရေအတွက်များစွာ စတင်တွေ့ရှိရခြင်းဖြစ်ကြောင်း၊ နိုင်ငံစုံမှ ဝင်ရောက်လာသူများဖြစ်၍  သတိပြုစောင့်ကြည့်ရမှာဖြစ်ကြောင်း ကော့သောင်းခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။

အဆိုပါရောဂါပိုးတွေ့ရှိသည့် သင်္ဘောသား (၁၇)ဦးအား ကော့သောင်းမြို့ခံ ပရဟိတအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်များဖြင့် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုခံယူလျက်ရှိသည့် ဟိုတယ်အသီးသီးမှ ခရိုင်ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်သို့ ရွှေ့ပြောင်းကာ ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)