ထားဝယ် ဇန်နဝါရီ ၂၈
Southern Coastline Group Co; Ltd မှ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအု်ပ်စုတွင် Biomass နှင့် Solar နည်းပညာဖြင့် ၁၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင် တူးဖော်ခြင်း စီမံကိန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း)များ စိစစ်ရေးကော်မတီသို့ လာရောက် ရှင်းလင်းတင်ပြသည့်အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက “လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖိတ်ခေါ်လျက်ရှိကြောင်း၊ လျှပ်စစ်နူန်းထား ကျဆင်းအောင်၊ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးနှင့် ခံစားနိုင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်” ပြောကြားသည်။
ထို့နောက် Southern Coastline Group Co; Ltd က စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမူ အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


