ကော့သောင်း၊ အောက်တိုဘာ ၁၈
ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးကို အောက်တိုဘာ ၁၈ ရက်တွင် ရွှေပြည်စိုး ကျေးရွာ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းအပ်နှံထားသူများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံထားသူများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အသက်(၁၂)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်မကျော်သူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်၁၉ကာကွယ်ဆေး Sinovac အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်သည်။
ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား ၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံတစ်ရာရှိမရှိ သိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ခြင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ဆေးထိုးစုရပ်(၁၂)ခုစီစဉ်ထားကာ အခြေခံပညာကျောင်းပေါင်း (၆၄)ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူပေါင်း(၂၅၉၃)ဦးကို စုရပ်အသီးသီးတွင် သတ်မှတ်နေ့ရက်များအလိုက် အောက်တိုဘာလ ၂၃ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့ ဆေးထိုးစုရပ်ဖြစ်သည့် အထက(၂)ကျောင်းတွင် ကော့သောင်းမြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား ကျေးရွာများရှိ အခြေခံပညာကျောင်း ပေါင်း(၈)ကျောင်းမှ ကျောင်းသား/သူ(၅၄၅)ဦးကို ကော့သောင်းမြို့၊ အမှတ်(၁၃) ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့များ၊ အခြေချစစ်ဗျူဟာအဖွဲ့ (ကော့သောင်း)မှ ဆေးတပ်ဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး အလားတူ ကော့သောင်းမြို့နယ်အတွင်းရှိ၊ အောင်ဘာကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်း(၅)ကျောင်းမှ ကျောင်းသား/သ (၁၁၆)ဦးကိုလည်း တစ်ပြိုင်နက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


