ကော့သောင်း ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက် ညနေ ၅ နာရီက စတင်ကာ မြို့ပေါ်ရပ်ကွက်များအနှံ့ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် တားဆီးနိုင်ရေး သတိပြုကြရမည် ဖြစ်သော်လည်း ကြောက်စရာမဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားမလာခြင်း၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ခြင်းစသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံးသွားကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နေလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ပြီဖြစ်သော်လည်း ယနေ့ ကမ္ဘာ့နိုင်ငံတစ်ချို့တွင် ကူးစက်မှုဖြစ်ပွားစပြုလာနေသည့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ မိမိတို့မြို့နယ်အတွင်းသို့ ကူးစက်မှုမဖြစ်ပွားစေရန်နှင့် မြို့နေပြည်သူများ သတိပြုဆင်ခြင်နိုင်ကြစေရန် အသိပေးနှိုးဆော်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


