ကော့သောင်းမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
ကော့သောင်း အောက်တိုဘာ ၁၇
ကော့သောင်းမြို့နယ်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၁၇ ရက်တွင် အောင်သုခရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ရတာနာခန်းမတွင် စတင်ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးအား မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းအပ်နှံထားသူများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံထားသူများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အသက် ၁၂ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မကျော်သူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ဆေးထိုးစုရပ် ၁၂ နေရာ စီစဉ်ထားကာ အခြေခံပညာကျောင်းပေါင်း ၆၄ ကျောင်းမှ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ ၂၅၉၃ ဦးကို စုရပ်အသီးသီးတွင် သတ်မှတ် နေ့ရက်များအလိုက် အောက်တိုဘာ ၂၃ ရက်အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့ ဆေးထိုးစုရပ် ဖြစ်သည့် အထက(၁)ကျောင်းတွင် ကော့သောင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်း ၁၀ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၃၃၀ ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


