ကော့သောင်း၊ ၃၀ မေ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ ရက် နံနက် ၁၀ နာရီ အ.ထ.က(၁) ကော့သောင်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် မြို့နယ်အတွင်း ကျောင်းအပ်နှံမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ၊ နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များကို ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


