ကော့သောင်း ၂ ဇန်နဝါရီ
ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကော့သောင်းမြို့နယ် ၂၀၂၀ ခုနှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအသီးသီးတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အထိမ်းအမှတ်ပြိုင်ပွဲများအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးကော်မတီ၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများမှ ဌာနအလိုက် အသင်းအဖွဲ့များစုဖွဲ့ကာ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ အမျိုးသား ဖူဆယ်ဘောလုံး၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် အမျိုးသမီးထုပ်ဆီးတိုး ပြိုင်ပွဲများအား ယှဉ်ပြိုင်ကျင်းပခဲ့ကြသည်။
အလားတူ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း မိမိတို့ရပ်ကွက်အလိုက် ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ ပိုက်ကျော်ခြင်းခတ်၊ ဂုန်နီအိတ်စွပ်ပြေး၊ အာလူးကောက်၊ မုန့်ကိုက်၊ သံပိုးရိုက်၊ စကောရွက်၊ အပ်ပေါက်ထိုး၊ ကြက်ဖခွပ်၊ ထုပ်ဆီးတိုး၊ ဆိုင်ကယ်အနှေးစီး၊ အုန်းသီးလု၊ လွန်ဆွဲ၊ ကလေး ဖူဆယ်၊ ရေငုံမြင်းစီး၊ ခြေသုံးချောင်းထောက်၊ မုန့်စားပြိုင်ပွဲများအပြင် ပြေးခုန်ပစ်နှင့် အခြား အားကစားပွဲများကို ကျင်းပလျက်ရှိပြီး အထိမ်းအမှတ် အားကစားပြိုင်ပွဲအလိုက် ဆုရရှိသူများကို (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)