ကော့သောင်း၊ ဒီဇင်ဘာ ၁၂

ကော့သောင်းမြို့ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီးထွက်သူ မြို့ခံပြည်သူများအပြင် မြန်မာနိုင်ငံ  အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ပြည်တွင်းခရီးသွားမိသားစုများ တစ်စတစ်စ လာရောက်လည်ပတ်လျက်ရှိရာ အများပြည်သူ အားလပ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပင်လယ်ကျွန်းအပန်းဖြေ ခရီးသွားရောက်မည်သူများ မိသားစုအလိုက်၊ အစုအဖွဲ့များအလိုက် မိမိသွားရောက်လည်ပတ်ကြမည့် ပင်လယ်ကျွန်းများရှိ ခရီးသွားလုပ်ငန်းကုမ္ပဏီ၏ ပို့ဆောင်ပေးမည့် SPEED BOAT များ၊ ခရီးသွားဧည့်သည်များဖြင့် ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်း ဘောတံတားတွင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု ကာလတစ်လျှောက် ကော့သောင်းမြို့၏ ပင်လယ်အပန်းဖြေ ခရီးသွားလုပ်ငန်းကဏ္ဍ ရပ်ဆိုင်းခဲ့ရပြီး ယခုအချိန်ကာလအတွင်း နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု စည်းကမ်းချက်များနှင့်အညီ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုပြီးချိန်တွင် ယခင်ကာလများက စည်ကားခဲ့သည့် ကော့သောင်းဒေသ၏ ပင်လယ်အပန်းဖြေခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာနေကာ မြို့ခံခရီးသွားများအပြင် ပြည်တွင်းခရီးသွားဧည့်သည်လည်းများ ပြန်လည်လာရောက် လည်ပတ်လျက်ရှိကြောင်း၊ အထူးသဖြင့် အများပြည်သူ အားလပ်ရက်များဖြစ်သည့် စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်လျက်ရှိကြောင်း ခရီးသွားလုပ်ငန်းကုမ္ပဏီများမှတစ်ဆင့် သိရသည်။

ကော့သောင်းဒေသ၏ အပန်းဖြေပင်လယ်ခရီးထွက် လည်ပတ်ကြရာတွင် ခရီးသွားများ အထူးနှစ်ခြိုက်ကြသည့် သာယာလှပတင့်မော့ဖွယ် ကမ်းခြေသဲသောင်များ၊ အပန်းဖြေအနားယူရန် နေရာများရှိရာ အက်ဒမန်ပင်လယ်အတွင်းရှိ ညောင်ဦးဖီးကျွန်း၊ စေတန်ကျွန်း၊ မြင်းခွာကျွန်း၊ ကြက်မောက်ကျွန်း(အသဲပုံကျွန်း)၊ ဇာဒက်ကြီးကျွန်း၊ ခရင်းခွကျွန်းနှင့် ပါရာဒိုက်များသို့ နေ့ခြင်းပြန်ခရီးစဉ်အဖြစ် အများဆုံးလာရောက် လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသခံခရီးသွားကုမ္ပဏီများ၏ ပြောဆိုချက်အရ ပင်လယ်အပန်းဖြေခရီးသွားမည့် ဧည့်သည်များနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးကြောင်း အထောက်အထားများ တင်ပြနိုင်ရမှာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် လက်အိတ်နှင့် ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ထားရန်လိုအပ်ကြောင်း၊ ပင်လယ်ခရီးစဉ်ဖြစ်သဖြင့် ခရီးသွားများ အသက်အန္တရာယ်မဖြစ်ပေါ်ရေး၊ ပင်လယ်ကြမ်းပြင် သဘာဝသယံဇာတများ၊ ဂေဟစနစ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများ၏ စည်းကမ်းချက်များ လိုက်နာရန်လိုအပ်ကြောင်း သိရသည်။

ခရီးသွားဧည့်သည်အများစုမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ကာလတစ်လျှောက် မွန်းကြပ်ခဲ့ကြရသည့် မြို့ပြ၏ လူနေမှုစနစ်အတွင်းမှ လတ်ဆတ်သန့်ရှင်းသည့် ပင်လယ်လေကို အားပါးတရရှူရှိုက်လိုခြင်း၊ ထူးခြားဆန်းကြယ်လှသည့် ရေမြေတောတောင် ပင်လယ်သတ္တဝါများစွာ၏ သဘာဝအရှိတရားကို မျက်မြင်ကိုယ်တွေ့ ခံစားလိုခြင်း စသည့်   ရည်ရွယ်ချက်ဖြင့် လာရောက်လည်ပတ်ကြခြင်း ဖြစ်ကြောင်း လည်းသိရသည်။

ကျော်စိုး (ကော့သောင်း)