ကော့သောင်း ၂ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များအား (၆)ကြိမ်မြောက် စက္ခုဒါနအဖြစ် မတ် ၂၆ ရက်မှ ၂၈ ရက်အတွင်း မျက်စိကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မျက်စိကုသပေးရာတွင် ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ကော့သောင်းမြို့၊ ဘုတ်ပြင်းမြို့၊ ခမောက်ကြီးမြို့၊ ကရသူရိမြို့နှင့် ပြည်ကြီးမဏ္ဍိုင်မြို့များနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ မျက်စိဝေဒနာရှင်များ အနေဖြင့် ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၂၀ ရက်အထိ သက်ဆိုင်ရာ မြို့နယ်များတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မျက်စိစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများကို မတ် ၂၀ ရက်မှ ၂၅ ရက်အတွင်း မျက်စိကုပညာရှင်အဖွဲ့မှ ဆောင်ရွက်မည်ဖြစ်ကာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည့် မျက်စိဝေဒနာရှင်များအား မတ် ၂၆ ရက်မှ ၂၈ ရက်အတွင်း ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ ခွဲစိတ်ကုသပေးကာ လိုအပ်သည့် ဆေးဝါးကုသမှုနှင့် မျက်မှန်များအား အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အဆိုပါ စက္ခုဒါန မျက်စိကုသပေးခြင်းကို သီတဂူရွှေပြည်ဟိန်း စက္ခုဒါနအဖွဲ့နှင့် ဖိုးသီးချို(PTC) လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်းကာ (၆)ကြိမ်မြောက်အဖြစ် ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)