ကော့သောင်း၊ ၂၃ မေ
ကော့သောင်းမြို့တွင် တစ်ဖက်နိုင်ငံမှ တင်သွင်းလာသည့် အကောက်အခွန်မဲ့ သိမ်းဆည်းရမိသည့် ဘီယာများအား တရားမဝင်ကုန်သွယ်မှု တားဆီးရေး ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မေ ၂၂ ရက် မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အကောက်အခွန်ဦး စီးဌာနမှူးရုံးဘေး ကွင်းပြင်အတွင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖျက်ဆီးသည့် နိုင်ငံခြားဖြစ်ဘီယာများမှာ ကော့သောင်းမြို့နယ်၊ အကောက်အခွန် ဦးစီးဌာနမှူးရုံး၏ အမှုတွဲအမှတ် ၁၁-ကသ/၂၀၂၀(၀၀၁)ဖြင့် အမှုတွဲဖွင့်လှစ်၍ သိမ်းဆည်းမိန့် ထုတ်ပြန်ထားသည့် LEO Beer (1 x 330ml x 24 Cans) (220 Pkgs) နှင့် Chan Beer (1 x 500ml x 24Cans) (300 Pkgs) ဖြစ်ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ် ၆၇၀၀,၀၀၀ ဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများအား သတိပြုထိန်းချုပ်လျက်ရှိရာ တားမြစ်ကန့်သတ်ကုန်ပစ္စည်းများအား ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်သည့် ကော့သောင်းနယ်စပ်မှ တရားမဝင် တင်သွင်းလာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)