ကော့သောင်း၊ မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး၊ မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ မတ် ၁၄ ရက်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား အခြေခံကာ ပြုစုထားသည့် အခြေခံမဲစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေစာရင်းနှင့် ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် ရွေးကောက်ပွဲအရာရှိ ဦးဖြိုးထက်ကိုက ပြောသည်။
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု (၂၇)အုပ်စုရှိ အခြေခံမဲဆန္ဒရှင် လူဦးရေ စာရင်းများ မြေပြင်လူဦးရေစာရင်းနှင့် မှန်ကန်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပူးပေါင်းပါဝင်သော အဖွဲ့(၁၀)ဖွဲ့ဖြင့် ရှေ့ပြေးလုပ်ငန်းစီမံချက်အဖြစ် ကွန်ပျူတာနည်းပညာအသုံးပြု၍ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်စိုး(ကော့သောင်း)


