ကော့သောင်း၊ ၂၇ ဒီဇင်ဘာ
ကော့သောင်းမြို့၊ ၃၈ မိုင်ကျေးရွာတွင် ပြည်တော်စိုးအင်တာပရိုက်ကုမ္ပဏီ၊ အလှမွေးငါး မွေးမြူရေးလုပ်ငန်းမှ Lucky Fish (Arowana) အမျိုးအစား အလှမွေးငါးများ မွေးမြူထုတ်လုပ်မှု အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများအဖွဲ့ဖြင့် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည့်အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အလှမွေးငါးမွေးမြူရေးလုပ်ငန်းအား ၂၀၁၀ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး မြေဧက ၄ ဒသမ ၈ ဧကပေါ်တွင် မြေသားကန် (၇)ကန်ဖြင့် Lucky Fish (Arowana) မိခင်ငါးကောင်ရေ ၂၂၀ ကောင် မွေးမြူထားကာ ၄ လတစ်ကြိမ် သားပေါက်ပြုစု ရောင်းချပေးလျက်ရှိသည်။ မွေးမြူထားသည့် (Arowana) မျိုးများမှာ မလေးရှားမျိူး ကောင်ရေ ၃၀ ခန့်နှင့် မြန်မာတိုင်းရင်းမျိုး ကောင်ရေ ၁၉၀ ခန့် မွေးမြူထားကြောင်း၊ ငါးများမှာ ဆေးထိုးသားဖေါက် မွေးမြူခြင်းမျိုးမဟုတ်ဘဲ ငါးအမမှ သဘာဝအတိုင်း ဥလိုက်သည့်ဥများကို ငါးအထီးများက သားပေါက်သည်အထိ ပါးစပ်အတွင်းငုံထားကာ အကောင်စပေါက်ချိန်တွင် ပြန်လည်အန်ထုတ်လိုက်သည့် ငါးသားပေါက်များကို သီးခြားခွဲထုတ်၍ ရေဇလားကြီးများအတွင်း အရွယ်ရောက်ချိန်အထိ အစာကျွေးမွေးမြူကြောင်း၊ အလျား လေးလက်မအရွယ် ရောက်ချိန်တွင် အောက်ဆီဂျင်ဖြင့် ပြည်တွင်းဈေးကွက်ဖြစ်သည့် ရန်ကုန်မြို့သို့ တင်ပို့ကာ ထို့မှတစ်ဆင့် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း၊ လေးလက်မအရွယ် ငါးသားပေါက်တစ်ကောင်လျှင် ငွေကျပ်ငါးထောင်ကျော်ခန့် ဈေးရရှိကြောင်း၊ အရွယ်ရောက်ပြီး ငါးအကြီးတစ်ကောင်လျှင် အချို့က အိမ်ဧည့်ခန်းတွင် အလှမွေးရန် ငွေကျပ်သိန်း ဆယ်ဂဏန်းအထိပေးကာ ဝယ်ယူအလှဆင်လေ့ရှိကြောင်း ကော့သောင်းခရိုင် ငါးလုပ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်၏ ပြောဆိုချက်အရ သိရသည်။
Arowana ငါးမျိူးများ၏ သဘာဝသည် တိတ်စိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်သောကြောင့် ယခုလက်ရှိ မွေးမြူလုပ်ကိုင်လျက်ရှိသည့် နေရာမှာ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိ၍ ရှင်သန်နှုန်း Survival rate ကောင်းမွန်မှုရှိကြောင်း၊ အလှမွေးငါး Lucky Fish (Arowana) များအား မြေသားကန်ကြီးများဖြင့် သားပေါက်ပြုစုမွေးမြူလုပ်ငန်းသည် မြန်မာနိုင်ငံအနေဖြင့် ကော့သောင်းမြို့တွင် ပထမဦးဆုံး လုပ်ကိုင်သည့် လုပ်ငန်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းလိုင်စင် ရယူကိုင်ဆောင်လုပ်ကိုင်ခြင်းဖြစ်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်ပြုစုထိန်းသိမ်းမှု နည်းစနစ်များ ပိုမိုကောင်းမွန်စေရေး အကြံပြုခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


