ကော့သောင်း ၁၂ ဇွန်

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီပိုင် ဆီအုန်းဆီကြမ်းသယ်ယာဉ် တစ်စီးသည် ယမန်နေ့နံနက်ပိုင်းက စက်ရုံမှ ဆီအုန်းဆီကြမ်းများတင်ဆောင်ကာ  ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ၊ တောင်ပတ်လမ်းအတိုင်း မောင်းနှင်လာရာမှ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့က ယာဉ်မောင်းသန်းထိုက်အောင် မောင်းနှင်၍  ကိုမင်း နှင့် ယာဉ်နောက်လိုက် တေကြီး ဆိုသူတို့ နှစ်ဦး လိုက်ပါလာသည့် ဆီအုန်းဆီကြမ်းသယ်ယာဉ် ထရပ်ကားကြီးသည် ကုမ္ပဏီမှ ဆီကြမ်းများတင်ဆောင်၍ ရွှေပြည်စိုးကျေးရွာ၊ တောင်ပတ်လမ်းအတိုင်း မောင်းနှင်လာရာမှ ဘရိတ်ပေါက်ကာ လမ်း၏ဝဲဘက် ဦးအောင်ထွန်းကျော်၏ နေအိမ် ခြံစည်းရိုးနှင့် နေအိမ်ခေါင်မိုးအား ဝင်ရောက်တိုက်မိခဲ့သည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း နှင့် အတူလိုက်ပါလာသူနှစ်ဦး ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း  သန်းထိုက်အောင်အား ကော့သောင်းမြို့မရဲစခန်းမှ  ဆက်လက်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)