ကော့သောင်း ၁၅ အောက်တိုဘာ
ကော့သောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ အခြေခံပညာကျောင်းသားကျောင်းသူများသို့ မီးသတ် လူငယ်သင်တန်း အမှတ်(၁/၂၀၁၉) အား ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ဖွင့်လှစ် ပို့ချရာ သင်တန်းဖွင့်ပွဲအခမ်းအနား၌ ကော့သောင်းမြို့နယ်၊အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။
သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အနာဂတ် နိုင်ငံတော်၏ကဏ္ဍစုံနယ်ပါယ်စုံတွင် ဦးဆောင် ဦးရွက်ပြုကြရမည့် ကျောင်းသားကျောင်းသူများ မီးသတ်အသိပညာ၊ ရှာဖွေကယ်ဆယ်ရေးအသိပညာ၊ သဘာဝ ဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသည့် ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အသိပညာရပ်များသိရှိနားလည်စေရေးရည်ရွယ်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်ငြိမ်းဦး မှ ရှင်းလင်းပြောကြားသည်။
အဆိုပါမီးသတ်လူငယ်သင်တန်းတွင် မီးလောင်မှုများကြုံတွေ့သည့်အခါ မီးအတန်းအစားအလိုက် ငြိမ်းသတ်ရမည့်နည်းလမ်းများ၊ မီးလောင်မှုအမျိုးအစားအလိုက် အသုံးပြုငြိမ်းသတ်ရမည့် မီးသတ် ကရိယာများ ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များ၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့သည့်အခါ ဘေးအန္တရာယ် အမျိုး အစားအလိုက် ဆောလျှင်စွာတုံ့ပြန်ဆောင်ရွက်ရမည့်နည်းပညာများ အား ကျောင်းသားအရွယ်လူငယ်များ အခြေခံကျကျသိရှိစေရန် သင်တန်းကာလ (၅)ရက်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


