ကော့သောင်း ၇ ဇန်နဝါရီ
အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာဖွံဖြိုးမှုအစီအစဉ်ဖြင့် ကျေးလက်အခြေပြု အသက်မွေး သင်တန်းလုပ်ငန်းစဉ်မှ ပဉ္စမအကြိမ် အသက်မွေးပညာသင်တန်းများအဖြစ် ဆံပင်နှင့် မိတ်ကပ် အလှပြုပြင်ရေးနှင့် စက်ပြင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် (၁၀) မိုင်ကျေးရွာအုပ်စု အစိုးရနည်းပညာ အထက်တန်းကျောင်း ခန်းမတွင်ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန၊အစိုးရအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်ကျော်စိန်နှင့် ဆရာဆရာမများ၊ Swisscontact တနင်္သာရီတိုင်းတာဝန်ခံ၊ စီမံကိန်းဒါရိုက်တာ ဦးတေဇာလင်း၊ ကော့သောင်းမြို့နယ်တာဝန်ခံ၊သင်တန်းကြီးကြပ်ရေးမှူး ဒေါ်ကေသွယ်မိုး၊ စက်ပြင်နှင့် ဆံပင်နှင့် မိတ်ကပ်အလှပြင် သင်တန်းသူသင်တန်းသားများ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့သည်။ ဖွင့်ပွဲတွင် အစိုးရ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်ကျော်စိန်က သင်တန်း အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအချိန်ဇယားနှင့် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းအား အစိုးရအထက်တန်းကျောင်းနှင့် Swisscontact တို့ပူးပေါင်း ဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ကာ သင်တန်းကာလ(၃)လကြာ ပို့ချသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများအား ရန်ကုန်အခြေစိုက် SwissFoundation For Technical Cooperation (SwissContact)မှ နေ့စဉ်တစ်ရက်လျှင် ငွေကျပ် ၃၀ဝ၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)