ကော့သောင်း   ၅  သြဂုတ် 

 

ကော့သောင်းမြို့တွင် သြဂုတ် ၄ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်း၊ တရားစခန်းရိပ်သာနှင့် လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါနေ့က အပူပိုင်းမုန်တိုင်း “စင်လကု” (Sinlaku ) အရှိန်ကြောင့် မိုးသည်းထန်ကာ လေပြင်းတိုက်ခတ်သဖြင့် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက် ၊အမှတ်-၂အလက( ခွဲ ) ၁၀၀ ပေ၊ ၃၀ ပေ ၊၁၅ ပေ အုတ်ကာ၊ သွပ်မိုး တစ်ထပ်ကျောင်းဆောင် ဝရံတာ၊ အမိုးနှင့် ကျောင်းအိမ်သာ၂ ခန်းတွဲ အမိုးများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျောင်းအနီးရှိ လူနေအိမ်ခန်းတွဲ(၁)ဆောင် တို့တွင်လည်း အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

 

အလားတူ အေးမြကန်သာရပ်ကွက်ရှိ သဲအင်းဂူတရားစခမ်းရိပ်သာ အဆောက်အဦပေါ်သို့ အနီးနားမှ သစ်ပင်ကြီးပြိုလဲသဖြင့် ကျောင်းဆောင်အုပ်ကြွပ် အမိုးများပျက်စီးခြင်း၊ အောင်သုခရပ်ကွက်၊ စံပယ်လမ်းရှိ အုပ်ကာ နှစ်ထပ်အိမ်တစ်ဆောင်ရှေ့ဗာဒန်ပင် ပြိုလဲသဖြင့် အိမ်အမိုးများပျက်စီးခဲ့ရခြင်းဖြစ်ပြီး ဖြစ်စဉ်များတွင် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ မရှိကြောင်းသိရသည်။

 

အဆိုပါဖြစ်စဉ်များဖြစ်ပွားရာသို့ကော့သောင်းမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အပျက်အစီး များအား ရှင်းလင်းကူညီကယ်ဆယ်မှုလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ပေးခဲ့ကြပြီး ကော့သောင်းခရိုင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်  အိမ်ထောင်စုများကို ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)