ကော့သောင်း နို၀င်ဘာ ၁၃
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာ နေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှ တပ်ဆင်ပေးသည့် မာ့(စ်)ကမ်ပိန်း လှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီးဖြစ်ရာ ပြည်သူအများစု နှာခေါင်းစည်း တပ်ဆင်ကြသော်လည်း စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ယခုကဲ့သို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ NGO အဖွဲ့များ ပူးပေါင်းကာ လမ်းထွက်သွားလာနေသူများကို ပါးစပ်နှာခေါင်းစည်း ဝေငှတပ်ဆင်ပေးသည့် မာ့(စ်)ကမ်ပိန်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)