ကော့သောင်း၊ ဒီဇင်ဘာ ၂၃

 

ကော့သောင်းမြို့တွင်း မောင်းနင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် လမ်းထွက်သွားလာနေကြသူများအား မီးဘေးအန္တရာယ်သတိမူရေး စတေကာကမ်ပိန်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည့် လှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့၊ ကမ်းနားလမ်းနှင့် ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတို့၌ ခရိုင်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

ပွင့်လင်းရာသီ ရောက်ရှိလာပြီး မြို့တွင်းသို့ အရှေ့လေပြင်းများ တိုက်ခတ်ဝင်ရောက်လာနေချိန်ဖြစ်ကာ မြို့နေပြည်သူများ မီးဘေးအန္တရာယ် သတိပြုကြစေရန်နှင့် မီးဘေးအန္တရာယ် ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ မီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားနိုင်ရန်နှင့် မီဘေးအန္တရာယ် ကျရောက်မှုကြောင့် နိုင်ငံတစ်ဝှမ်း ပြည်သူတို့၏ အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေ့နေရသဖြင့် ပြည်သူများ သတိပြုနိုင်ကြစေရန် ရည်ရွယ်ကြောင်း ကော့သောင်းခရိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးက ပြောသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်တပ်ဖွဲ့မှ သန္ဓေတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပေါင်းစုံမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများအား မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊    မြို့တွင်းလမ်းများပေါ် မောင်းနင်သွားလာလျက်ရှိသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ကုန်စုံဆိုင်များရှေ့တွင် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေလာပါက မီးသတ်တပ်ဖွဲ့အား အရေးပေါ်ဆက်သွယ် အကူအညီတောင်းခံနိုင်ရန် 191 ဖုန်းနံပါတ်ပါ စတေကာများကပ်ပေးခြင်း စသည့် ကမ်ပိန်းလုပ်ငန်းများကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အသွင်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)