ကော့သောင်း  ၂၀   ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု လုပ်ငန်းများထိရောက်စေရေး ဧပြီ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရအမိန့်အား မြို့နေပြည်သူများ ဝိုင်းဝန်းပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်လျက် လမ်းများပေါ်သို့ မည်သူတစ်ဦးတစ်ယောက်မှ မထွက်ကြသည်ကို ဧပြီ ၁၉ ရက်နေ့ညပိုင်းက တွေ့မြင်ရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ကပ်ရောဂါအသွင်ဖြင့် ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တားဆီးထိန်းချုပ်နိုင်ရေး နိုင်ငံတစ်ဝှမ်း ခရိုင်နှင့်မြို့နယ်အသီးသီးတွင် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်၍ ရောဂါထိန်းချုပ်မှု လုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကော့သောင်းမြို့နေပြည်သူများအနေဖြင့် ဥပဒေအား လေးစားလိုက်နာကြလျက် တုံ့ပြန်ပါဝင် ပူးပေါင်းလာ ကြသည်ကိုတွေ့မြင်ရသည်။

 

ညမထွက်ရအမိန့်အား ဖေါက်ဖျက်ကျူးလွန်သူများ မရှိစေရေး ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊  အုပ်ချုပ်ရေး နှင့် ရဲတပ်ဖွဲ့ဝင်လုံခြုံရေးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ အဖွဲ့ဖြင့် တားမြစ်ကန့်သတ်ထားသည့်အချိန်အတွင်း နယ်စပ်ဝင်ပေါက်များ၊ ရပ်ကွက်လမ်းများအနှံ့ ရှောင်တခင်လှည့်လည်စစ်ဆေးခြင်း၊ လှည့်ကင်း၊ ပတ်ကင်းများဖြင့် စောင့်ကြည့်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း၊ ကန့်သတ်အချိန်အတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ဆေးရုံဆေးခန်းများသို့ သွားရောက်လိုသည့်ပြည်သူများ အခက်အခဲ မဖြစ်ပေါ်စေရေးနှင့် တရားဝင်မှတ်ပုံတင်ထားသည့် ပရဟိတအသင်းအဖွဲ့များ ကန့်သတ်အချိန်အတွင်း အရေးပေါ် ကယ်ဆယ်ကူညီမှုလုပ်ဆောင်ရန် ကိစ္စရပ်များပေါ်ပေါက်လာပါက နီးစပ်ရာ ရပ်ကွက် ကွပ်ကဲရေးအဖွဲ့များထံ သတင်းပို့ကာ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် စောင့်ကြပ်ကူညီမူများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)