ကော့သောင်း ၂၀ မေ
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ် အတွင်းရှိ စည်ပင်သာယာအဖွဲ့ပိုင်ဈေးများအား ဧပြီလ ဒုတိယအပတ်မှ စ၍ ဈေးနှင့် ဈေးနယ်နိမိတ်အတွင်း ဆေးဝါး၊ အစားအသောက်များနှင့် ကုန်ခြောက်ဆိုင်များရောင်းချခြင်း မှလွဲ၍ အခြားဆိုင်များကို ပိတ်သိမ်းထားခဲ့ရာ ယနေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချမှုခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း သိရသည်။
ယနေ့ပြန်လည်ဖွင့်လှစ်မှုတွင် ကော့သောင်းမြို့ပေါ်ရှိ စည်ပင်သာယာဈေးများအတွင်းရှိ ဆိုင်ခန်းများကို ဆိုင်ခန်းတစ်ခန်းခြားတစ်ရက်စီ အလှည့်ကျစနစ်ဖြင့် ဖွင့်လှစ်ရောင်းချစေပြီး ဈေးရောင်းချချိန်အဖြစ် နံနက် ၆ နာရီမှ ၁၂ နာရီအထိသာ ရောင်းချကြရန်ထုတ်ပြန်ထားကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အမိန့်ကြော်ငြာချက်အရသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းနိုင်ရေးရည်ရွယ်ကာ ဈေးများအားလုံးတွင် ဈေးဝယ်သူများသည် ဈေးအတွင်းလက်ဆေး၊ နှာခေါင်းစည်းများတပ်ဆင်ပြီး ဈေးအတွင်း ဝင်ရောက်ဈေးဝယ်ကြရန်နှင့် ဈေး ရောင်းသူနှင့်ဝယ်သူများ နှာခေါင်းစည်းများစနစ်တကျတပ်ဆင်ကာ ၆ပေအကွာမှ ရောင်းချဝယ်ယူကြရမည်ဖြစ်ကာ နာမကျန်းဖြစ်နေသူများ ဈေးအတွင်းဝင်ရောက် ရောင်းချဝယ်ယူခွင့် မရှိကြောင်းလည်း သိရသည်။
ဈေးရောင်းချသူများနှာခေါင်းစည်းမတပ်ဆင်ပါက ငါးထောင်ကျပ် နှင့်ညီမျှသည့် Mask များဝယ်ယူ ခြင်းဒဏ်အရိုက်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ သတ်မှတ်ချက်များအား ဈေးသူ/သားများအားလုံးသို့ အကြောင်းကြားအသိပေးထားပြီးဖြစ်ကာ လိုက်နာခြင်းမရှိပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ကော့သောင်းမြို့ပေါ်ဈေးများဖြစ်သည့် ဘုရင့်နောင်လေဟာပြင်ဈေး၊ မြို့မဈေးနှင့် ရွှေဇင်ယော်ရပ်ကွက်နန္ဒဝန်ဈေး တို့အား ပြန်လည်ဖွင့်လှစ်ထား လိုက်ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဘဂွမ်၏ ပြောကြားချက်အရ သိရသည်။
ကျော်စိုး (ကော့သောင်း)


