ကော့သောင်း၊ ဒီဇင်ဘာ ၂၃

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ရပ်ကွက်နှင့် ကျေးရွာများအလိုက် ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်မှ ရပ်ကွက်ပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားပြီး ပထမကြိမ်ဆေးထိုးနှံပြီးသူ အသက်(၁၈)နှစ်အထက် မြို့နေပြည်သူ မည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယနေ့ ပထမအကြိမ် ဆေးထိုးနှံပြီးသူ ပိတောက်ရွှေဝါရပ်ကွက် ပြည်သူ(၂၀၀)ကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။

 

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အနေဖြင့် ဒီဇင်ဘာ ၂၂ ရက်အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းဇယားအချက်အလက်များအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၄၈၀၀၀ နီးပါးရှိပြီးဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးရှိလူဦးရေအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံနိုင်မှု (၅၁ ဒသမ ၉၆)ရာခိုင်နှုန်းခန့် ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)