ကော့သောင်း ၂၅ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် စားသုံးရေးရာဦးစီးဌာနနှင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက ရွှေဟင်္သာရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ရပ်ကွက်ပြည်သူများနှင့် လက်လီလက်ကား ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းငန်းရှင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာများအား အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် စားသုံးရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာက စားသုံးကာကွယ်ရေး ဥပဒေအသစ်ပုဒ်မ(၈၄)ခု မှ ပြဋ္ဌာန်းချက်များပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ်အာမခံချက်ပေးရမည့် အချက်များ၊ စားသုံးသူများနစ်နာမှုဖြစ်ပေါ်ပါက တောင်းဆိုနိုင်သည့်အကြောင်းအရာများ၊ ဦးစီးဌာနစစ်ဆေးရေးအရာရှိများ၏ စီမံခန့်ခွဲမှုနည်းလမ်းများနှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ သိကောင်းစရာများ၊စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကောင်အထည် ဖော်ဆောင်မှု အခြေအနေများအားလည်းကောင်း၊ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးက ဥပဒေပါ ကုန်အညွှန်း အမှတ်အသားများဆိုင်ရာ သိကောင်းစရာများ၊ ဥပဒေပြဋ္ဌာန်းချက်များအားအကောင်အထည်ဖေါ် ဆောင်ရွက်နေမှုအခြေအနေများ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံက အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများဘေးအန္တရာယ်ကင်းရှင်းရေးသိသင့်သိထိုက်သည်များ ၊ လမ်းဘေး အစားအသောက် ရောင်းချသည်ဈေးသည်များ သန့်ရှင်းလပ်ဆပ်သည့်အစားအသောက်များ ပြင်ဆင်ချက်ပြုတ် ရောင်းချရာတွင်လိုက်နာရမည့် အချက်များအားအသီးသီးအသိပညာပေးဆွေးနွေးကြရာ တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


