ကော့သောင်း၊ ၃၁ ဇန်နဝါရီ 

ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ရွှေပြည်သာသုသာန်အဝင်လမ်း ဝဲဖက်တောင်စောင်းတစ်လျှောက် ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက တောမီးလောင်ကျွမ်းမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ တောမီးလောင်ကျွမ်းသည့်နေရာ၌ ဥယျဉ်ခြံစိုက်ပျိုးသီးနှံအဖြစ် ရာဘာစိုက်ခင်းများနှင့် နီးစပ်လျက်ရှိပြီး အဆိုပါ နေရာတစ်ဝိုက် ပူးပြင်းခြောက်သွေ့မှု၊ ကိုင်းပင်ခြုံပင်များ ခြောက်သွေ့နေရာ စည်းကမ်းမဲ့သူတစ်ချို့၏ ဆေးလိပ်မီး မဆင်မခြင်စွန့်ပစ်မှုနှင့် ခြုံပင်များမှတစ်ဆင့် အနီးအနား ခြောက်သွေ့နေသည့် ခြုံပုတ်များသို့ လေတိုက်မှုပင့်အားကြောင့် မီးစတင်ကူးစက်လောင်ကျွမ်းရာ မီးလောင်မှုအင်အား တဖြည်းဖြည်းကြီးမားလာသဖြင့် ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းဦးပါ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် ရပ်ကွက်ပြည်သူများက ပူးပေါင်းကာ မီးသတ်ယာဉ် (၂)စီးဖြင့် အရေးပေါ်သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး  မိနစ်သုံးဆယ်ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အနီးအနားဥယျဉ်ခြံများသို့ ကူးစက်လောင်ကျွမ်းမှု မဖြစ်ပွားခဲ့သော်လည်း ပူးပြင်ခြောက်သွေ့သည့် နွေရာသီရောက်တိုင်း အဆိုပါ တောမီးလောင်ကျွမ်းရာနှင့် တစ်ဆက်တစ်စပ်တည်းရှိသည့် တောင်ကြောတစ်လျှောက် စည်းကမ်းမဲ့သူ တစ်ချို့ကြောင့် တောမီးများ နှစ်စဉ်ကြီးမားစွာ လောင်ကျွမ်းလေ့ရှိကာ  တောင်ကြောတစ်လျှေက် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံစိုက်ခင်းများ မီးလောင်ဆုံးရှုံးမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် မီးသတိပြုကြရေး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် မီးသတ်ဦးစီးဌာနမှ မြို့နေပြည်သူများသို့ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)