ကော့သောင်း၊ ၂၈ ဒီဇင်ဘာ
မြန်မာပြည်တောင်ဘက်စွန်း ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် ပြည်ထောင်စုလမ်းမကြီး NH-01 ၏ အဆုံးသတ်ရာမြို့ဖြစ်ပြီး လမ်းများအား အာဆီယံနိုင်ငံများ အဆင့်မီလမ်းများဖြစ်လာစေရေး ကော့သောင်းမြို့တွင်းလမ်းပိုင်း တစ်ခုဖြစ်သည့် ဘုရင့်နောင်ကုန်း - မြို့မဆိပ်ကမ်းတံတား - နာရီစင်ပတ်လမ်းအား မြို့တော်အင်္ဂါရပ်နှင့်အညီ အပွန်းခံလွှာနိုင်လွန်ကတ္တရာခင်း လုပ်ငန်းအား ခရိုင်လမ်းဦးစီးဌာနမှ ဒီဇင်ဘာလနောက်ဆုံးအပတ်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင်းလမ်းများသည် ယခင် ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွင်းရှိ နယ်မြို့များတွင် ပထမအဦးဆုံး နိုင်လွန်ကတ္တရာခင်းလမ်းများအဖြစ် အများပြည်သူ အသုံးပြုခဲ့ကြသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုအစိုးရသစ် တာဝန်ယူသည့်ကာလတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေထွန်းတို့၏ လွှတ်တော်အတွင်း တင်ပြမှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၀ အသုံးပြုကာ ဘုရင့်နောင်ကုန်း - မြို့မဆိပ်ကမ်းတံတား - နာရီစင်ပတ်လမ်း (၁ ဒသမ ၅)ကီလိုမီတာအား အပွန်းခံလွှာနိုင်လွန်ကတ္တရာခင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်မှုတွင် လမ်းပျမ်းမျှ ၂၄ ပေအကျယ် AC နိုင်လွန်ကတ္တရာ နည်းပညာဖြင့် ကော့သောင်းမြို့နယ်၊ လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲမင်းမောင်(မြို့ပြ) ဦးဆောင်သည့် ပညာရှင်များ အပါအဝင် လုပ်သားအင်အား (၄၀)၊ စက်ယန္တရားအင်အား AC နိုင်လွန်ကတ္တရာဖျော်စက် (၁)စုံ၊ လမ်းခင်းစက် (၁)စီး၊ လမ်းကျိတ်စက် (၂)စီး၊ ကတ္တရာဖျန်းစက် (၁)စီးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ယခုဆောင်ရွက်လျက်ရှိသည့် လမ်းပိုင်းအပြင် ကော့သောင်းမြို့ မြရည်ပုလဲလမ်းပိုင်း ၂ ဒသမ ၂ ကီလိုမီတာ၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းပိုင်း ၅ ကီလိုမီတာနှင့် မလိဝမ်းလမ်းပိုင်း ၂ ဒသမ ၈၅ ကီလိုမီတာ အပါအဝင် စုစုပေါင်း ၁၂ ကီလိုမီတာအရှည်ခန့်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၀၀ ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်၊ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းမောင်(မြို့ပြ)၏ ပြောဆိုချက်အရ သိရသည်။
ကျော်စိုး (ကော့သောင်း)


