နေပြည်တော် ၄ မေ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃ ရက် နံနက် ၁၁ နာရီက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ (၃)ခန်းတွဲတန်းလျား၊ အခန်း(၁)နေ ဖြိုးမင်းဦး(ခ)ဖိုးခွား၏ အခန်းအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၆၀၊ ဘိန်းစာမှုန့် သုည ဒသမ ၀၆ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ တပ်ကုန်းလမ်း၊ အမှတ်(၃၇၅)ရှိ စိုးမင်းထွန်း(ခ)သားကြီး (ခ) ကလင်၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၅၀၊ မြန်မာငွေကျပ် ၆၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ညပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာနေ မလူရှောက်ဆီ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈,၂၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား