ကော့သောင်း ၃၀ ဇန်နဝါရီ 


မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၇၄ ဦးနှင့် အမျိုးသမီး ၉ ဦး အပါအဝင် အလုပ်သမား ၈၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာအလုပ်သမားသံအရာရှိ ဦးဇော်မင်းအောင် ဦးဆောင်ကာ မြန်မာနိုင်ငံ ကော့သောင်းမြို့ ဒေသအာဏာပိုင် များထံသို့ ရေလမ်းခရီးဖြင့် ယမန်နေ့ ညနေပိုင်းက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

123


အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထား မဲ့နေထိုင်ခြင်း တို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ရာ လာရောက်လွှဲပြောင်းပေးသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများကကြိုဆိုလက်ခံကြကာ ပြည်သူ့ ကျန်းမာရေးဌာနမှ လိုအပ်သည်ကျန်းမာ ရေး ပြုစုရှောက်မှုများ  ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ 


လာရောက် လွဲပြောင်း ပေးအပ်သည့် မြန်မာအလုပ်သမားများမှာ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊  မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသား များဖြစ်ပြီး ယနေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ကော့သောင်းနယ်စပ်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ် သမားစုစုပေါင်း ၈၁၆ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ 


ကျော်စိုး(ကော့သောင်း)