ကော့သောင်း ၂၃ နိုဝင်ဘာ
ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့နေထိုင်ခြင်း တို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ပြန်လည်လွဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၇၁ ဦး ၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း အလုပ်သမား ၈၃ ဦးကို ယမန်နေ့ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ် တာဝန်ရှိအဖွဲ့အစည်းများက ပြန်လည်လက်ခံ ခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးပြုစုရှောက်မှုများ ဆောင်ရွက်ပေးပြီး ၄င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


