ကော့သောင်း ၁၁ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ယမန်နေ့ညနေပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂၀၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၁ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြရာ ယနေ့အထိ ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားဦးရေ (၈၃၀)ရှိပြီဖြစ်ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက ရောဂါသံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ပြန်လည်ဝင်ရောက်လာသူများမှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင်ကြသူများအား မိမိတို့နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များအသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်များရှိ Community Based Facility Quarantine Center များတွင် Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ထားရှိစောင့်ကြည့်မှု ခံယူကြရမည်ဖြစ်သည်။ ကော့သောင်းဒေသခံများကိုမူ ကော့သောင်းမြို့ရှိ Facility Quarantine Center များတွင် Facility Quarantine (၂၁)ရက်နှင့် Home Quarantine (၇)ရက် ဆက်လက်ထားရှိ စောင့်ကြည့်ပြီး Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီး ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)