ကော့သောင်း ၁၂   ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေး ကော်မတီမှ ကော့သောင်းနယ်စပ်ဂိတ်မှ နေရပ်ပြန်အလုပ်သမားများအား တရားဝင်စိစစ် လက်ခံလျှက် ရှိသော်လည်း ရနောင်းမြို့မှတဆင့် တရားမဝင် ဝင်ရောက်လာသူ နှစ်ဦးအား ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အရှေ့ဖက်မွေတော်ကျွန်းပေါ်တွင် တွေ့ရှိဖေါ်ထုတ်ရမိသဖြင့် ကော့သောင်းမြို့တွင် အသွားအလာကန့်သတ် စောင့်ကြည့်မှုဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

တရားမဝင် ဝင်ရောက်လာသူနှစ်ဦးမှာ ရခိုင်ပြည်နယ် ၊မင်းပြားမြို့နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် နေထိုင်သူတို့ဖြစ်ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားများ အဝင်အထွက်များရာ စူရပ်ဌာနီ ခရိုင်၊ ကော့စမွေကျွန်း နှင့် လိပ်ကျွန်းတို့တွင်သွားရောက်အလုပ် လုပ်ကိုင်ခဲ့ကြကာ  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ကာလအတွင်းအလုပ်ရပ်နားခံရသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာချင်သော်လည်း ငွေကြေးမပြည်စုံမှု၊ ထိုင်းနယ်ခြားစောင့်တပ်များ၏တင်းကြပ်မှုများကြောင့် ယခုကဲ့သို့ အဆင့်ဆင့် ဖြတ်သန်းကာ ရနောင်းခရိုင်မှတဆင့် ကော့သောင်းသို့ တရားမဝင် တိတ်တဆိတ် ပြန်လည် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်ပနိုင်ငံများမှ မိမိနိုင်ငံသို့ပြန်လာလိုသော နိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ပေါက်များတွင် တရားဝင် လက်ခံရေးစခန်းများ ဖွင့်လှစ်ပြီး စနစ်တကျလက်ခံ၍ ရောဂါ၊ ကာကွယ်၊ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိသော်လည်း တရားမဝင် ဝင်ရောက် လာမှုများကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကိုအဟန့်အတားဖြစ်စေကာ ရောဂါပြန့်ပွား ကူးစက်မှုများဖြစ်ပေါ်စေနိုင်သဖြင့်  တရားဝင် လာရောက်ကြရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှအသိပေးကြေညာထားရှိပြီးဖြစ်သဖြင့် ကော့သောင်းခရိုင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြပ်မတ်သတိပြု ဆောင်ရွက်လျှက်ရှိကာ  ယခုတရားမဝင်ပြန်လည်ဝင်ရောက်လာသူနှစ်ဦးအား ကော့သောင်းမြို့၊ ပုလုံးတုံတုံး ကျေးရွာ၊ အသွားအလာကန့်သတ် စောင့်ကြည့်စခန်းတွင် FQ (၂၁)ရက် ထား၍ ၎င်းတို့၏ SWB နမူနာများကို အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီးဓာတ်ခွဲစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)