ကော့သောင်း ၁၆ ဇွန်
ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဌာန၊ နာရေးကူညီမှုအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်းက ပိတ်ထားခဲ့ပြီး ယခုပြန်လည်ဖွင့် လှစ်တော့မည့် ကော့သောင်းမြို့ပေါ် စာသင်ကျောင်းများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက လိုက်လံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းအား ကော့သောင်းမြို့ပေါ်ရပ်ကွက် စာသင်ကျောင်းများ ဖြစ်သည့် ရွှေပြည်သာရပ်ကွက်၊ အေးရိပ်ငြိမ်ရပ်ကွက်များရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအပါအဝင် ကျောင်း ၆ ကျောင်းရှိ ကျောင်းသား ကျောင်းသူများ ကျောင်းများပြန်လည်ဖွင့်လှစ်မည့်အချိန်၌ မိုးရာသီအတွင်းဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများမဖြစ်ပွားရေး၊ ကျောင်းသား ကျောင်းသူများ ရောဂါဘယကင်းဝေးစွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်ချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းအုပ်ဆရာကြီး အပါအဝင် ကျောင်းအကျိုးတော် ဆောင်များက စာသင်ခန်းများတွင် ခြင်များခိုအောင်းနိုင်သောနေရာများကို ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


