ကော့သောင်း    ၁   ဇူလိုင်

 

ကော့သောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဌာန၊ နာရေးကူညီမှုအဖွဲ့များ ပူးပေါင်း၍ မကြာမီပြန်လည်ဖွင့်လှစ်မည့် ကော့သောင်းမြို့ပေါ် စာသင်ကျောင်းများအား  မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများမဖြစ်ပွားရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို  ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံဆောင်ရွက်ပေးသည်။

 

အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းအား ကော့သောင်းမြို့ပေါ်ရပ်ကွက် စာသင်ကျောင်းများ ဖြစ်သည့် အဏ္ဍဝါရပ်ကွက်နှင့် ဘုရင့်နောင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း၊  အလယ်တန်းနှင့် အထက်တန်း ကျောင်း(၃)ကျောင်းအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/ကျောင်းသူများနှင့် အနီးအနားရှိ ရပ်ကွက်ပြည်သူများ  မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန် တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ မဖြစ်ပွားရေး၊ ကျောင်းသားကျောင်းသူများ ရောဂါဘယကင်းဝေးစွာ ပညာသင်ကြား နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများနှင့် ကျောင်းအကျိုးတော်ဆောင်များက စာသင်ခန်းများတွင် ခြင်များခိုအောင်း နိုင်သော နေရာများကို ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)