နေပြည်တော် ၂ မတ်

 

ယနေ့သည် ဥယျာဉ်လယ်ယာလုပ်ကိုင်ကြသော မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုသည့် “တောင်သူလယ်သမားနေ့” ဖြစ်သည်။ တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မတ်လ ၂ ရက်နေ့ရောက်တိုင်း နိုင်ငံတော်မှ ဦးဆောင်ဦးရွက်ပြု၍ အထူးအလေးအနက်ထား အသိအမှတ်ပြုပေးသည်ကို တွေ့ရသည်။

 

လူသားများ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် စားသောက်ဖွယ်ရာ စားနပ်ရိက္ခာများ လိုအပ်ပါသည်။ လူသားတို့အတွက်လိုအပ်သည့် စားနပ်ရိက္ခာ လောက်ငဖူလုံမှု မရှိပါက အစာရေစာရှားပါးခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဘဝရှင်သန်ရေးအတွက်ပါ အခက်အခဲများ ရှိလာနိုင်ပါသည်။ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသည်မှာ တောင်သူလယ်သမားဦးကြီးများဖြစ်ကြ၍ ကျေးဇူးတင်ထိုက်သူ၊ ကျေးဇူး ရှိသောသူများဟု ဆိုရမည်ဖြစ်သည်။

 

လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ တိုင်းရင်းသားပြည်သူ အားလုံးတို့သည် ကောက်ပဲသီးနှံဆန်စပါးတို့ကိုသာ အဓိကအားထား စားသုံးကြရာ သန်း ၅၀ ကျော်သော ပြည်သူလူထုကြီး အလျဉ်မီအောင် စားသုံးရန်အတွက် နေပူပူ၊ မိုးရွာရွာပင်ပန်းဆင်းရဲစွာဖြင့် ရုန်းကန်လှုပ်ရှားစိုက်ပျိုးကြရသည်။ သို့သော်တောင်သူလယ်သမားဦးကြီးများ၏ လူမှုစီးပွားဘဝမှာ မြင့်မားမလာဘဲနိမ့်ကျနေဆဲဖြစ်သည်ကို တွေ့ရသည်။ ဗျူရိုကရက်အုပ်ချုပ်ရေးကာလတွင် တောင်သူလယ်သမားများမှာ နင်းပြားဘဝတွင် နေခဲ့ရသော်လည်းခေတ်ပြောင်းစနစ်ပြောင်းကာလများတွင် တောင်သူလယ်သမားတို့ဘဝအတော်အတန် မြင့်မားလာသင့်သည်။ 

 

တောင်သူလယ်သမားများ လူမှုဘဝနိမ့်ကျနေရသည့် အကြောင်းအရင်းများတွင် ရာသီဥတုဖောက်ပြန်မှု၊ သဘာဝဘေးများ ကျရောက်မှု၊ အခြားသော ဘေးအန္တရာယ်များနှင့် သစ်တောပြုန်းတီးမှုတို့ကြောင့်မြေဆီလွှာများ အရည်အသွေးနိမ့်ကျလာမှု၊ လယ်ယာမြေများ သိမ်းဆည်းခံရမှု၊ စိုက်ပျိုးသီးနှံများ ဈေးကွက်တွင် ယှဉ်ပြိုင်ထိုးဖောက်နိုင်စွမ်းမရှိမှု၊ ရင်းနှီးမြှုပ်နှံမှုစရိတ်ကြီးမားမှု၊ လယ်ယာလုပ်သားရှားပါးမှု စသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် တောင်သူလယ်သမားများဘဝ မြင့်မားမှုနှင့် အလှမ်းဝေးနေသည်။

 

ထို့ကြောင့် နိုင်ငံတော်အစိုးရက ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုစေရန်မျှော်မှန်း၍ ပန်းတိုင်ကိုးရပ် သတ်မှတ်ဆောင်ရွက်နေသည်။ ထို့အပြင် ပြည်သူများ စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝရေးနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး ကောင်းမွန်လာစေရန်၊ တောင်သူလယ်သမားများ၏အခွင့်အရေး ပြည့်ဝစွာရရှိခံစားနိုင်စေရန်နှင့် အကျိုးစီးပွားမြင့်မားလာစေရန်၊ လယ်ယာကဏ္ဍတွင်ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး အားပေးဆောင်ရွက်ရန် စသည်တို့ပါဝင်သည့် ရည်မှန်းချက် ၁၁ ချက် ချမှတ်ဆောင်ရွက်နေသည်။

 

စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းရရှိခြင်းသည် တောင်သူလယ်သမားများ လူမှုစီးပွားမြင့်မားတိုးတက်နိုင်သဖြင့် သီးနှံအရည်အသွေးမြင့်မားရေး၊ နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးတို့အတွက် ခေတ်မီအဆင့်မြင့်ဆန်စက်များ၊ ဆီစက်များ၊ သစ်သီးဝလံ အဆင့်မြင့်သန့်စင်စက်များ၊ သိုလှောင်ရုံများ၊ ခေတ်မီထုပ်ပိုးစက်များ၊ခေတ်မီ လယ်ယာသုံးစက်ကိရိယာပစ္စည်းများ စသည်တို့ကို ဝယ်ယူတင်သွင်းထုတ်လုပ်ရောင်းချနိုင်ရေးကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင် ကူညီဆောင်ရွက်ပေးနေသည်။ ယခုအခါ လယ်ယာထွက်ကုန်သီးနှံများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသည့် နိုင်ငံတကာ အဆင့်မီလက်ကားဈေးကွက် ပေါ်ပေါက်လာရေးအတွက်လည်း စနစ်တကျစီမံဆောင်ရွက်နေပြီ ဖြစ်သည်။

 

သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူအားလုံးဘဝ ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သည့် စားနပ်ရိက္ခာများကို ပင်ပန်းဆင်းရဲစွာ စိုက်ပျိုးလုပ်ကိုင်ပေးနေသည့် တောင်သူလယ်သမားဦးကြီးများဘဝကိုလည်း မြင့်မားတိုးတက်လာစေရန် လယ်ယာမြေများ ပြန်လည်စိမ်းလန်းစိုပြည်လာပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍ မြင့်မားတိုးတက်လာစေရေးခေတ်မီလယ်ယာလုပ်ငန်းများ၊ အဆင့်မြင့် လယ်ယာထုတ်ကုန်ဈေးကွက် များဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ